ဧရာဝတီတိုင်းမ်
ဇွန်လ ၂၇ ရက်

လောင်စာဆီပြတ်လပ်ပြီဟု ပြောကြားခဲ့တဲ့ သီရိလင်္ကာအစိုးရက စျေးသက်သာတဲ့ရေနံ ဝယ်ယူဖို့ ရုရှားနဲ့ ကာတာနိုင်ငံကို ဝန်ကြီးတွေ စေလွှတ်မယ်လို့ ကြေညာလိုက်ပါတယ်။ ပြီးခဲ့တဲ့လက ဆိုက်ဘေးရီးယားရေနံစိမ်း တန်ချိန် ၉၀၀၀၀ ဝယ်ယူပြီးတဲ့နောက် ရေနံ ထပ်မံဝယ်ယူရေး ဆွေးနွေးဖို့ ဒီကနေ့ ဝန်ကြီးနှစ်ပါး ရုရှားကိုသွားမယ်လို့ သီရိလင်္ကာ စွမ်းအင်ဝန်ကြီး ကန်ချာနာဝီဂျစ်ဆီကီရာက ပြောပါတယ်။ ဒူဘိုင်းအခြေစိုက် ကြားခံကုမ္ပဏီတစ်ခုဖြစ်တဲ့ Coral Energy ကတစ်ဆင့် လောင်စာဆီတင်ပို့ဖို့ စီစဉ်ထား ပေမယ့် ရုရှားအစိုးရနဲ့ တိုက်ရိုက် ဆွေးနွေးညှိနှိုင်းဖို့ နိုင်ငံရေးသမားတွေက အာဏာပိုင်တွေကို တိုက်တွန်းနေပါ တယ်။

“လျှော့ပေါ့စျေးနှုန်းနဲ့ လောင်စာဆီ ဝယ်ယူနိုင်ခြင်း ရှိ မရှိ စီစဉ်နိုင်ဖို့ ဝန်ကြီးနှစ်ပါးက ရုရှားကို သွားနေပြီး ကျွန်တော်က မနက်ဖြန်ဆိုရင် ကာတာကို သွားရောက်မှာဖြစ်ပါတယ်” လို့ ကန်ချာနာက ကိုလံဘိုမြို့တော်မှာ သ တင်းထောက်တွေကို ပြောပါတယ်။

ဘဏ်လုပ်ငန်း အဆင်မပြေမှု အကြောင်းပြချက်တွေနဲ့ ဓာတ်ဆီနဲ့ဒီဇယ် တင်ပို့မယ့်အစီအစဉ်တွေ နှောင့် နှေးမှုဖြစ်ခဲ့ရတယ်လို့ ကန်ချာနာက ဇွန်လ ၂၅ ရက်မှာ ကြေညာခဲ့ပါတယ်။ ဒီဇယ်တစ်လီတာကို ၁ ဒသမ ၂၇ ဒေါ်လာနဲ့ ဓာတ်ဆီတစ်လီတာကို ၁ ဒသမ ၅၂ ဒေါ်လာ စျေးနှုန်း တိုး မြှင့်ခဲ့တယ်လို့ နိုင်ငံပိုင် Ceylon Petroleum Corporation က ဇွန်လ ၂၆ ရက်မှာ ပြောကြားခဲ့ပါတယ်။

ဒီနှစ်အစောပိုင်းကစလို့ သီရိလင်္ကာနိုင်ငံမှာ ဒီဇယ်စျေးနှုန်းက လေးဆနီးပါးနဲ့ ဓာတ်ဆီစျေးနှုန်းက သုံးဆ ခန့် မြင့်တက်လာခဲ့ပါတယ်။ အစိုးရက အများပိုင်သယ်ယူပို့ဆောင်ရေး၊ ဓာတ်အားထုတ်လုပ်မှုနဲ့ ကျန်းမာရေးနယ်ပယ်အတွက် လက် ကျန်လောင်စာဆီ ထုတ်ပေးမှာဖြစ်လို့ လောင်စာဆီဆိုင်တွေအပြင်ဘက်မှာ ဆီဖြည့်ဖို့တန်းစီနေတဲ့ ပြည်သူတွေက လောင်စာဆီရရှိနိုင်မှာမဟုတ်ပါဘူး။

ဆူပူမှုတွေဖြိုခွင်းဖို့ လောင်စာဆီဆိုင်တွေမှာ ဖြန့်ကြက်ထားတဲ့ သီရိလင်္ကာစစ်တပ်ဖွဲ့ဝင်တွေက တန်းစီ စောင့်ဆိုင်းနေသူတွေကို တိုကင်ထုတ်ပေးမှာဖြစ်ပြီး ဆိပ်ကမ်းတွေ၊ လေဆိပ်တွေကို လောင်စာဆီခွဲတမ်းစနစ်နဲ့ ပေးမှာဖြစ်ပါတယ်။ အစိုးရက လောင်စာဆီချွေတာဖို့ မရှိမဖြစ်မဟုတ်တဲ့ ရုံးအချို့ပိတ်ထားမှုကို နှစ်ပတ် သက်တမ်းတိုးခဲ့ပြီး ဝန်ထမ်းအနည်းဆုံးနဲ့ ဝန်ဆောင်မှုပေးဖို့ ညွှန်ကြားခဲ့ပါတယ်။

ကိုးကား – အယ်ဂျာဇီးယား
Ref; Sri Lanka to send ministers to Russia seeking discounted oil