ဧရာဝတီတိုင်းမ်
ဇွန်လ ၂၇ ရက်
တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊လောင်းလုံမြို့နယ် ကဒက်ကြီးကျေးရွာ နှင့် ဂေါ့အင်းကျေးရွာများရှိ ဒေသခံ ပြည်သူ ၃ ဦးကို စစ်ကောင်စီတပ်သားများမှ ဇွန်လ ၂၆ရက် ည ၁၁နာရီခွဲအချိန်ခန့်တွင်လက် ပြန်ကြိုးတုပ်ပြီး သေ နတ်ဖြင့်အနီးကပ် ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
ယမန်နေ့ညက စစ်ကောင်စီတပ်သားများ ကား ၂ စီးဖြင့် လာရောက်ခဲ့ပြီးနောက် ဒေသခံ ၃ ဦးကိုပစ်သတ်သွားသည့်အပြင် နေအိမ် ၅ လုံးကိုဝင်ရောက်ဖျက်ဆီးခဲ့ပြီး အဖိုး တန်ပစ္စည်းတွေကိုလည်းလုယူသွားသည်ဟုဆိုသည်။
စစ်ကောင်စီတပ်သားများ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသွားသည့် ပြည်သူ (၃)ဦးမှာ ကဒက်ကြီးကျေးရွာနေ ဇနီးမောင်နှံ ၂ ဖြစ်သည့် ဦးသောင်းဝင်း ၊ ဒေါ်ဝင်းအေး(ခ)မိကြုံး နှင့် ဂေါ့အင်းကျေးရွာနေ ဦးဆန်းဝင်း တို့ဖြစ်ကြကြောင်း ဒေသခံများထံမှသိရသည်။
”ညက ဒေသခံ ၃ ဦးကို ဦးခေါင်း၊ဝမ်းဗိုက်၊ ခါး နဲ့ မျက်နှာ တွေကို အနီးကပ်ရက်ရက်စက်စက် ပစ်သတ်ခဲ့ကြတာ။နေအိမ်တွေကပစ္စည်းတွေနဲ့ ရွှေ၊ငွေတွေကိုလဲ စစ်တပ်ကလုယူသွားခဲ့ကြတယ်” လို့ ကဒက်ကြီးကျေးရွာ ဒေသခံတဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။
လောင်းလုံးမြို့နယ်တွင် ဇွန်လ ၁၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ၁၁ ရက်တာကာလအတွင်း စစ်ကောင်စီတပ်သားများ၏သတ်ဖြတ်မှုကြောင့် ဒေသခံ ပြည်သူ ၇ ဦး သေ ဆုံးခဲ့ပြီး ၃ ဦး မှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ထားဝယ်ခရိုင်သပိတ်ကော်မတီကထုတ်ပြန်ထားသည်။
ဓာတ်ပုံ -CJ