ဧရာဝတီတိုင်းမ်
ဇွန် ၂၆ ရက်
ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့တွင် နွေဦးတော်လှန်ရေးရံပုံငွေ ရရှိရေး ဇွန်လ ၂၆ ရက်မှစ၍ ထိုင်းရောက် မြန်မာများဖြင့်ဖွဲ့စည်းထားသည့် People to People ( P2P) ပရဟိတအဖွဲ့မှဦးဆောင်ပြီး ဘောလုံးပြိုင်ပွဲပြုလုပ်ကျင်းပနေကြောင်း ပရဟိတအဖွဲ့ဝင်များထံမှသိရသည်။ ပြိုင်ပွဲပြီးစီးပါက ရရှိလာသည့် ရန်ပုံငွေများအား မြန်မာ့နွေဦးတော်လှန်ရေးအဖွဲ့အစည်းများနှင့်စစ်ဘေးရှောင်များကို လှူဒါန်းပေးသွားမည်ဖြစ်သည်ဟုဆိုသည်။
”ဘောလုံးပြိုင်ပွဲကို အုပ်စု လေးအုပ်စု ခွဲထားတယ်ဗျ။ အသင်း ၁ သင်း ဝင်ကြေးအဖြစ် ဘတ် ၂၈၀၀ သတ်မှတ်ထားတယ်။ ပထမဆုကို ထိုင်းဘတ်ငွေ ၁၇၀၀၀ ချီးမြင့်ပေးမှာဖြစ်ပါတယ်။ အခြားဆုတွေလည်းပါပါတယ်” ဟု P2P ပရဟိတအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
P2P ပရဟိတအသင်းသည် မဟာချိုင်မြို့အခြေစိုက်ကာ ထိုင်းရောက် မြန်မာအသိုင်းအဝိုင်းများမှလစဥ်ငွေ ကြေးများကောက်ခံပြီး နွေဦးတော်လှန်ရေးနှင့် စစ်ဘေးရှောင်များအတွက်လစဥ်လှူဒါန်းပေးနေသည့်အဖွဲ့ဖြစ်ပြီး လက်ရှိအထိ လှူဒါန်းငွေ ဘတ် ၅ သန်းဝန်းကျင်အထိရှိပြီဖြစ်ကြောင်း အဆိုပါအဖွဲ့၏စာရင်းများအရ သိရသည်။