ဧရာ၀တီတိုင်းမ်
အောက်တိုဘာ ၁၄ ရက်

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် တော်လှန်ရေးပုံရိပ်များပါဝင်နေသည့် မြန်မာရွှေ့ပြောင်းကလေးများ၏ ပန်းချီပြပွဲကို ပြီးခဲ့သည့် အောက်တိုဘာ ၁၁ ရက်နေ့မှ ၁၃ရက်နေ့ထိ ကျင်းပခဲ့ရာ ၁၀၀ကျော်ရောင်းရပြီး ပန်းချီကားရောင်းရငွေများကို ကရင်နီစစ်ဘေးရှောင်စခန်းရှိ ကလေးများထံ ပြန်လည်လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။

“Shinning Stars ပန်းချီသင်တန်းကျောင်းမှ အသက် ၆ နှစ် မှ ၁၈နှစ်အတွင်းရှိ မြန်မာရွှေ့ပြောင်း ကလေးငယ် ၂၀ ဦး၏ ပန်းချီလက်ရာများကို အဆိုပါ ပန်းချီပြပွဲတွင် ပြသခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” ပန်းချီကားပေါင်း ၁၀၀ကျော်ရောင်းရတယ်။ ပြည်တွင်းက ကလေးတွေကို ပြန်လှူသွားမှာပါ။ ကလေး အချင်းချင်း ပြန်လည်ဖေးမနိုင်တယ်ဆိုတာ ပြချင်လို့ ပွဲလုပ်ဖြစ်တာပါ။ ပြခန်းမှာ ပန်းချီကားတွေ ဆက်ပြထားပါတယ်” ဟု ပန်းချီပညာ သင်ကြားပေးခဲ့သူ ဆရာမ မိုနာက ဧရာဝတီတိုင်းမ်းကို ပြောသည်။

စစ်ဘေးကြောင့် မဲဆောက်မြို့ကို ရောက်ရှိလာသည့် ကလေးအများစု၏ ပန်းချီကားလက်ရာများကို ပြသထားခြင်းဖြစ်ပြီး ကလေးငယ်များကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရသည့် ပုံရိပ်များ၊ တော်လှန်ရေး ပုံရိပ်များနှင့် အနာဂတ်ရည်မှန်းချက်များကို ပုံဖော်ရေးဆွဲထားခြင်းဖြစ်ကြောင်း သိရသည်။

” သားဆွဲထားတဲ့ ဒါရိုက်တာ ကိုပေါက်ရဲ့ ပုံတူ ပန်းချီကားကို သူကိုယ်တိုင်ဝယ်သွားတာရှိတယ်။ ဝမ်းသာတယ်။ မြန်မာပြည်က စစ်ရှောင်ကလေးတွေကို ပြန်လှူရမှာမို့ ပျော်ပါတယ်” ဟု အသက် ၁၃နှစ်အရွယ် မောင်ဒိုလေးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

မဲဆောက်ရောက် ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် ရည်ရွယ်၍ “Shinning Stars ” ပန်းချီသင်တန်းကျောင်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသားများ၏ ပန်းချီပြပွဲကို ဒုတိယအကြိမ် မြောက်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပုံစာ-ပန်းချီပြပွဲတွင်တွေ့ရသည့် မြန်မာရွှေ့ပြောင်းကလေးများ၏ ပန်းချီလက်ရာများ

#မဲဆောက် #မြန်မာရွှေ့ပြောင်းကလေးများ #ပန်းချီပြပွဲကျင်းပ #ရောင်းရငွေများ #ကရင်နီစစ်ဘေးရှောင်စခန်း #ကလေးများထံလှူဒါန်းမည် #Ayeyarwaddy_Times