
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၄ ရက်
ယာဂီအရှိန်ကြောင့်စံချိန်တင်မိုးရွာသွန်းမှုဖြစ်ပေါ်ကာ တိုင်းနှင့်ပြည်နယ် ကိုးခုတွင် ရေကြီးရေလျှံ မှုများကြောင့်သေဆုံး၊ ပျောက်ဆုံးသူ ၅၂၀ ဦးရှိပြီး ကလေးငယ်များအပေါ် သဘာဝဘေး အန္တရာယ်ဆိုးကျိုးသက်ရောက်မှုအား လျှော့ချသွားမည်ဖြစ်ကြောင်း ဒုစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။
ယမန်နေ့ အောက်တိုဘာ ၁၃ ရက်နေ့က နေပြည်တော်တွင်ကျင်းပသော သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးအခမ်းအနားတွင် ဒုစစ်ခေါင်းဆောင်က ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအလယ်ပိုင်းတွင်နှစ်ပေါင်း ၈၀ မှ ၁၀၀ ကျော်အတွင်းမကြုံစဖူးခံစားရပြီး အိမ်ထောင်စု ရှစ်သောင်းကျော်၊ လူဦးရေ တစ်သန်းနီးပါး ဘေးအန္တရာယ်ကြုံရကြောင်း၊ သဘာဝဘေးဖြစ်စဉ်များ ကြောင့် ကလေးငယ်များအပေါ်ဆိုးကျိုးသက်ရောက်မှုလျော့နည်းစေရန် နိုင်ငံတွင်းအဆင့် မဟာဗျူဟာ ချမှတ်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
သဘာဝဘေးအန္တရာယ်ကြောင့် ပညာသင်ကြားရေးမထိခိုက်စေရန်၊ သဘာဝဘေးဒဏ်ခံနိုင်သည့် ကျောင်းများ အဖြစ်တည်ဆောက်ပြုပြင်ရန်နှင့် သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးအပါအဝင် ရာသီဥတုနှင့်အညီလိုက်လျောညီထွေနေနိုင်ရန်တို့ကို သင်ခန်းစာများတွင် ထည့်သွင်းသင်ကြားရမည်ဟု ဒုစစ်ခေါင်းဆောင်က ဆိုသည်။
လာမည့် ၂၀၃၀ ပြည့်နှစ်မတိုင်ခင် ဘေးကင်းလုံခြုံသောကျောင်းများဖြစ်ရန်၊ ဖြစ်ပွားနိုင်ခြေရှိသည့် အမျိုးမျိုးသောသဘာဝဘေးအန္တရာယ်များကိုကြံ့ကြံ့ခံနိုင်သည့်ကျောင်းများဆောက်လုပ်ရန် လိုအပ်ကြောင်း ဒုစစ်ခေါင်းဆောင်ကပြောကြားထားပြီး ပြီးခဲ့သည့်စက်တင်ဘာက ဖြစ်ပွားသော သဘာဝဘေးဖြစ်စဉ်တွင် စာသင်ကျောင်း ၃၄၁ ပျက်စီးခဲ့ရသည်။
လက်ရှိတွင် စစ်ကောင်စီက အလှူခံရာတွင် ကျပ် ၅၂ ဘီလီယံရရှိထားပြီး အသက်ဆုံးရှုံးခဲ့သူများကို ၁၀ သိန်းစီ ထောက်ပံ့ပေးပြီးဖြစ်ရာ အိုးအိမ်ပျက်စိးမှုများ ဆက်လက်ထောက်ပံ့ရန် စိစဉ်လျှက်ရှိကြောင်း ဆိုထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ကလေးငယ်များ #သဘာဝဘေးအန္တရာယ်လျှော့ချနိုင်ရေး #ယာဂီ #သေဆုံးသူပျောက်သူ၅၂၀ #ကျောင်းများ #သဘာဝဘေးခံနိုင်ရန်လိုအပ် #Ayeyarwaddy_Times