
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၄ ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်တွင် တကျော့ပြန် တိုက်ပွဲများ ဖြစ်ပွားနေပြီး လက်ရှိအထိ ရက်သတ္တပတ်လေးပတ်(တစ်လနီးပါး) ကြာသည့်တိုင် စစ်ရေးပြင်းထန်နေပြီး အပြစ်မဲ့ ပြည်သူ ထောင်ချီ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းအရပ်ဘက် အဖွဲ့ထံက သိရသည်။
ပင်လောင်းမြို့နယ် တောင်ဘက်ဖြစ်သော ဗန်းမောက်၊ လွယ်ဝန်း၊ နမ့်ဖာမူ၊ နောင်ဝိုး စသည့် ကျေးရွာများတွင် စက်တင်ဘာ ၁၈ ရက်မှ စတင်၍ စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) ပူးပေါင်းအဖွဲ့နှင့် တော်လှန်ရေး တပ်ဖွဲ့များအကြား တကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းမတိုင်ခင် စက်တင်ဘာ ၁၅ ရက်ကတည်းက စစ်ရေးတင်းမာနေပြီး နှစ်ဖက်အင်အား ဖြည့်တင်းမှုများ ပြုလုပ်ခဲ့သလို တိုက်ပွဲများ ပြင်းထန်လာမှုကြောင့် နှစ်ဖက်အကျအဆုံး များသည်ဟုလည်း ကြားသိရကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး (PYO) မှ တာဝန်ရှိသူ ထံက သိရသည်။
“တကျော့ပြန် တိုက်ပွဲမှာတော့ စစ်ကောင်စီရဲ့ လေကြောင်းအသုံးပြုမှုတွေ ပြန်ပြီးမြှင့်တက်လာတယ်။ လက်နက်ကြီး ပစ်ခတ်မှုတွေ မရပ်မနား ပစ်တယ်။ တချို့ရက်တွေဆို အကြိမ်ပေါင်း ၅၀ နဲ့ ၆၀ ကြားထိ ရှိတယ်။ နောက်ဒရုန်း အသုံးပြုမှုကလည်း များတယ်” ဟု PYO မှ တာဝန်ရှိသူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါ တကျော့ပြန် တိုက်ပွဲအတွင်း စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီး၊ ဒရုန်းတို့ကြောင့် အရပ်သားထိခိုက် ဒဏ်ရာရမှုများ ရှိခဲ့သော်လည်း မြေပြင်တွင် ယခုရက်ပိုင်း အင်တာနက်၊ ဖုန်းလိုင်းများ ဖြတ်တောက်ထားသောကြောင့် အရေအတွက် အတိအကျကိုမူ စုံစမ်းရ ခက်ခဲနေကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ် အဆောက်အဦများ မီးလောင်ပျက်စီးကာ မြေပြင်တိုက်ပွဲများလည်း နေ့စဉ်ဆက်တိုက် ပြင်းထန်စွာ ဖြစ်ပွားနေ၍ ဒေသခံပြည်သူ ၄၀၀၀ ဝန်းကျင်ခန့် တိမ်းရှောင်နေရကြောင်း PYO ထံက သိရသည်။
လက်ရှိတွင် တိမ်းရှောင်နေရသော ဒေသခံပြည်သူများသည် စားနပ်ရိက္ခာ၊ ဆေးဝါး၊ အသုံးအဆောင် ပစ္စည်းများ အရေးပေါ် လိုအပ်နေသလို ၎င်းတို့အတွက် ကူညီပေးရေး ဆောင်ရွက်ရာတွင်လည်း အခက်အခဲနှင့် တားဆီးပိတ်ပင်မှုများ ရှိနေကြောင်း PYO နှင့် ဒေသတွင်း သတင်းများအရ သိရသည်။
ဓာတ်ပုံ- လူမှုကွန်ရက်
#ပင်လောင်းမြို့ #တကျော့ပြန်တိုက်ပွဲ #စစ်ကောင်စီ #PNA #တော်လှန်ရေးတပ်ဖွဲ့ #၁လနီးပါးကြာ #စစ်ရေးပြင်ထန် #PYO #Ayeyarwaddy_Times