
ဧရာဝတီတိုင်းမ်
(ဖားဆောင်း)၊ အောက်တိုဘာ ၁၄ ရက်
ရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်နှင့် ဘောလခဲမြို့နယ်အကြားရှိ စစ်ကောင်စီလက်အောက်ခံ စစ်စခန်း တစ်ခုဖြစ်သည့် “ထူးချောင်းစခန်းကုန်း”မှ စစ်ကောင်စီ တပ်သားများမှာ ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်နေ့က စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း ဖားဆောင်း PDF က ထုတ်ပြန်ထားသည်။
ကရင်နီ တော်လှန်ရေးတပ်ဖွဲ့များသည် ပြီးခဲ့သည့်ရက်ပိုင်းများကတည်းက ထူးချောင်းစခန်းကို ဝိုင်းဝန်း ပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်ပြီး အောက်တိုဘာ ၁၂ ရက်နေ့တွင် စစ်ကောင်စီတပ်သားများက စခန်းစွန့်ခွာထွက်ပြေးသွားသည့်အတွက် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ကျန်ရှိခဲ့သည့် အဆိုပါစခန်းမှ လက်နက်ခဲယမ်းအချို့ကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းဆည်းရမိခဲ့ကြောင်းလည်း သိရသည်။
အဆိုပါ ထူးချောင်းစခန်းသည် စစ်ကောင်စီ၏ထောက်ပို့လုပ်ငန်းစဉ်အတွက် အရေးပါသည့်စခန်း တစ်ခုဖြစ်ပြီး ဘောလခဲမြို့နယ်ရှိ စစ်ကောင်စီစခန်းများအတွက် အရေးပါသည့် စခန်းတစ်ခုဖြစ်ကြောင်း သိရသည်။
စခန်းသိမ်းစစ်ဆင်းရေးကို ကရင်နီတော်လှန်ရေး တပ်ပေါင်းစုများနှင့်အတူ ဖားဆောင်း PDF၊ KA Drone Force တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုအခါ ကရင်နီပြည်နယ်အတွင်း ထိတွေ့တိုက်ပွဲများ မကြာခဏပြန်လည်ဖြစ်ပွားနေပြီး ဘောလခဲ မြို့နယ်အတွင်းရှိ ရေကျော်တပ်စခန်းကိုလည်း ပြီးခဲ့သည့် ဩဂုတ် ၈ ရက်နေ့တွင် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ဖားဆောင်းPDF
#ဖားဆောင်း #စစ်ကောင်စီတပ်စခန်း #ထူးချောင်းစခန်း #ဘောလခဲ #စခန်းစွန့်ခွာထွက်ပြေး #Ayeyarwaddy_Times