(တမူး)၊ ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၄ရက်

မြန်မာ – အိန္ဒိယနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့တွင် ချင်းအမျိုးသားတစ်ဦးအပါဝင် အရပ်သားသုံးဦး သတ်ဖြတ်ခံရကြောင်း ဒေသခံများထံက သိရှိရသည်။

အသတ်ခံရသည့် ချင်းအမျိုးသားသည် တမူးမြို့နယ်၊ သာယာကုန်းကျေးရွာမှ သိရှိရပြီး ကျန်သည့် အလောင်းနှစ်လောင်းသည် ပိုင်ရှင်မဲ့ အလောင်းများဖြစ်ကြောင်း သိရှိရသည်။

“ဘာအတွက် သတ်တာလည်းဆိုတာ မသိရဘူး။ အလောင်းတွေတောင် ပိုင်ရှင် မပေါ်ဘူး။ အရင်ကလည်း အခုလိုမျိုး မကြာခဏဖြစ်တယ်။ အသတ်ခံရတဲ့သူတွေက ခရီးသွားတဲ့ အရပ်သားတွေဖြစ်ဖို့များတယ်။ ပျူစောထီးအဖွဲ့တွေက သူတို့ရဲ့ စစ်ဆေးရေးဂိတ်မှာ စစ်ဆေးသတ်ဖြတ်တာဖြစ်ဖို့များတယ်” ဟု တမူးမြို့ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို သုံးသပ်ပြောဆိုသည်။

အသတ်ခံရသည့် ချင်းအမျိုးသား၏ အလောင်းကို ယမန်နေ့ အောက်တိုဘာလ ၁၃ ရက်နေ့တွင် မိသားစုဝင်များက မြေမြှုပ်သဂြိုလ်လိုက်ပြီး ကျန်သည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့၏ အလောင်းကို ပိုင်ရှင်မပေါ်သောကြောင့် ရပ်ကွက်နေဒေသခံများက မီးသဂြိုလ်ပေးကြောင်း သိရသည်။

၎င်းအလောင်းများကို စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအဖွဲ့က အောက်တိုဘာလ ၁၂ ရက်နေ့တွင် တမူးမြို့ ချောင်းနက်ကြီးရပ်ကွက်အလွန် လမ်းဘေးတစ်နေရာတွင် စွန့်ပစ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် တမူးမြို့ ချောင်းနက်ကြီးရပ်ကွက်ရှိ ချင်းအမျိုးသား ဦးရမ်ထန်၏ နေအိမ်ကိုလည်း အောက်တိုဘာလ ၁၂ ရက်နေ့ညတွင် စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“ပျူစောထီးအဖွဲ့တွေက ဦးရမ်ထန် နေအိမ်ကိုလာပြီး မီးရှို့သွားတယ်။ တစ်အိမ်လုံးပြာကျသွားတယ်။ တခြားအိမ်တွေကိုတော့ ဘာမှမလုပ်ဘူး။ အိမ်ထဲက ပစ္စည်းတွေလည်း ယူသွားကြတယ်။ အိမ်ရှင်တွေက အိမ်မှာမရှိတာကြာပြီ” ဟု တမူးမြို့ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဦးရမ်ထန်သည် သာမာန်အရပ်သားဖြစ်ပြီး တမူးမြို့တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့အန္တရာယ်ပေးမည်ကို ကြောက်ရွံ့သောကြောင့် တစ်ခြားဒေသသို့ ပြောင်းရွှေ့နေထိုင်သွားခြင်းဖြစ်သည်။

တမူးမြို့သည် စစ်ကောင်စီတပ်နှင့် ၎င်းလက်အောက်ခံ ပျူစောထီးအဖွဲ့များ အပြည့်အဝ ထိန်းချုပ်ထားသည့်မြို့ဖြစ်ပြီး ခိုးဆိုးလုယက်နှင့် လူသတ်မှု မကြာခဏဖြစ်ပွါးလေ့ရှိကြောင်း သိရှိရသည်။

#တမူးမြို့ #ချင်းအမျိုးသား #အရပ်သား၃ဦး #သတ်ဖြတ်ခံရ #Ayeyarwaddy_Times