
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၄ ရက်
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါဒေသရှိ စစ်ကောင်စီလက်အောက်ခံ ဦးဇခုန်တိန့်ယိန်း၏ အမှတ် (၁၀၀၂) လောက်ပြေ နယ်ခြားစောင့် တပ်ဌာနချုပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က သိမ်းယူလိုက်ကြောင်း သိရသည်။
ပန်ဝါဒေသ လောက်ပြေကျေးရွာအနီး စစ်ကောင်စီ၏ အမှတ် (၁၀၀၂) နယ်ခြားစောင့်တပ်ဌာနချုပ်ကို ယနေ့ အောက်တိုဘာ ၁၄ရက် ညနေ ၆နာရီခန့်တွင် KIA က တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း သိရသည်။
အဆိုပါ နယ်ခြားစောင့်တပ်ဌာနချုပ်ကို ယနေ့နံနက် ၁၀နာရီ ခန့်မှစတင်ပြီး တိုက်ခိုက်ခဲ့ရာ ညနေ ၆နာရီခန့်အချိန်တွင် KIA က သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
“တိုက်ပွဲကပန်ဝါကိုဦးတည်လာတာ လဆန်းပိုင်းကတည်းကပေါ့။ ဒီနေ့မနက်တော့ လောက်ပြေဘက်မှာ တိုက်ပွဲပြင်းထန်လာတာ။ လေကြောင်းကလည်းတောက်လျှောက်ပစ်တယ်ပြောတယ်။ အကုန်လုံး မြို့ပေါ်ကို ပြောင်းပြေးလာကြရတယ်လို့အဆက်အသွယ် ရသလောက် သိထားတယ်” ဟု ချီဖွေဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက ယနေ့ နံနက်ပိုင်းမှစ၍ ပန်ဝါဒေသကို ဂျက်ဖိုက်တာ၊ Y12 လေယာဉ်တို့ဖြင့် လေကြောင်း တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။
ပန်ဝါဒေသတွင် ဦးဇခုန်တိန့်ယိန်း လက်အောက်ခံ ချီဖွေမြို့အရှေ့ဘက် ဂမ်ခွန်းကျေးရွာနှင့် ဖီမော်ကျေးရွာအနီး တပ်ရင်း ၁၀၀၁ ၊ ပန်ဝါဒေသ လောက်ပြေအနီးတွင် တပ်ရင်း ၁၀၀၂၊ ဝိုင်းမော်မြို့နယ် ကန်ပိုက်တီအနီး ဝေါ်ချုံးဒေသတွင် ၁၀၀၃ ဟာဆိုကာ တပ်ရင်းသုံးရင်းကို ကချင်အထူးဒေသ (၁) အဖြစ်သတ်မှတ်ထားခြင်းဖြစ်သည်။
ကချင်အထူးဒေသ (၁) ရှိ စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်ရင်းကို KIAက သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီကလည်း မြေပြင် ခုခံစစ်အပြင် လေကြောင်းတိုက်ခိုက်မှုများပါ ပြုလုပ်ခဲ့သည်။
KIA သည် ပြီးခဲ့သည့် အောက်တိုဘာလမှစတင်ကာ ချီဖွေနှင့် ဆော့လော်မြို့များကို သိမ်းပိုက် အပြီး ပန်ဝါဒေသကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်ကာ တိုက်ပွဲကြောင့် ပန်ဝါဒေသရှိ ဒေသခံ ၅၀၀ ကျော်မှာ မြို့ပေါ်သို့ပြောင်းရွှေ့လာကြပြီး အချို့မှာ ပြည်သူ့စစ်အဖွဲ့များ၏ ဖမ်းဆီးခြင်းကို ခံထားရကြောင်း သိရသည်။
#ပန်ဝါ #လုတ်ပြေ #စစ်ကောင်စီ #နယ်ခြားစောင့်တပ်ဌာနချုပ်၁၀၀၂ #KIA #သိမ်းပိုက် #Ayeyarwaddy_Times