
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၃ရက်
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဝင် ဦးကျော်သူဝင်း (ခ) ရွှေမန်းနှင့် ကိုယ်ရေးအရာရှိဖြစ်သူတို့ ပစ်ခတ်ခံရကြောင်း သိရသည်။
Golden Valley Warriors ရဲဘော်များက ဦးကျော်သူဝင်းနှင့် ကိုယ်ရေးအရာရှိဖြစ်သူတို့ကို ယနေ့ အောက်တိုဘာ ၁၃ရက်၊ နံနက် ၉ နာရီ ဝန်းကျင်က လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ အပြန်တွင် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် ဆေးရုံကားဖြင့် သယ်ဆောင်သွားပြီဖြစ်ကြောင်း သိရသည်။
ဦးကျော်သူဝင်း (ခ) ရွှေမန်းတွင် ရင်ဘတ်ဖောက်ဝင် ဒဏ်ရာ နှစ်ချက်၊ ဝဲလက်ဖဝါး ဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိ ခဲ့ပြီး ၎င်း၏ ကိုယ်ရေးအရာရှိမှာ ဦးခေါင်းဖောက်ဝင် ဒဏ်ရာ နှစ် ချက် ရရှိကာ ၎င်းတို့ကို လူနာတင်ယာဉ် နှစ်စီးဖြင့် သယ်ဆောင်သွားကြောင်း Golden Valley warrior အဖွဲ့က ထုတ်ပြန်သည်။
“ကျွန်တော်တို့ လှိုင်သာယာ မြို့နယ် အုပ်ချုပ်ရေးရုံးမှ ပြန်လာသည့် လှိုင်သာယာမြို့နယ် စီမံအုပ်ချုပ်ရေးကော်မတီဝင် ကျော်သူဝင်းနှင့် ၎င်း၏ ကိုယ်ရေးအရာရှိဖြစ်သူ တို့ကို အနီးကပ် ပစ်ခတ်ခဲ့သည်။ Mission ဖော်ဆောင်သူ ရဲဘော်တို့ လုံခြုံ၍ ထုတ်ပြန်ခြင်းဖြစ်သည်” ဟု Golden Valley Warrior အဖွဲ့က ဆိုသည်။
လှိုင်သာယာမြို့နယ်ခံဖြစ်သည့် ကျော်သူဝင်းသည် စစ်ကောင်စီ၏ မဝင်မနေရစစ်မှုထမ်းစနစ်အတွက် လှိုင်သာ ယာမြို့နယ်မှ လူငယ် ၈၀၀ ကျော်ကို စစ်တပ်ထံ အမည်စာရင်းပေးပို့ခဲ့ပြီး အတင်းအဓမ္မ စစ်မှုထမ်းစေခြင်းအတွက် တာဝန်ရှိသူတစ်ဦးဖြစ်ကြောင်း သိရသည်။
ရရှိထားသော အချက်အလက်အများအရ လှိုင်သာယာသည်ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းအများဆုံးထုတ်ပေးသည့် မြို့နယ်အဖြစ်ထိပ်ဆုံးမှရပ်တည်နေပြီး အဆိုပါဖြစ်စဉ်အတွက်အဓိကအဆုံးအဖြတ်ကို လှိုင်သာယာမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့က ဆုံးဖြတ်အတည်ပြုခြင်းဖြစ်ကြောင်း သိရသည်။
ဦးကျော်သူဝင်း (ခေါ်) ရွှေမန်းသည် ၂၀၂၄ ခုနှစ်တွင်မြို့ နယ်စီမံအုပ်ချုပ်ရေးကော်မတီဝင်ဖြစ်လာပြီးနောက် ၎င်း၏ စီးပွားရေးအင်ပါယာကိုပါချဲ့ထွင်နိုင်ခဲ့သည်။
စားသောက်ကုန်လုပ်ငန်း၊ ရေသန့်စက်ရုံ ၊ Convenient store များ၊ အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းများနှင့် တဟုန်ထိုးကြီးပွားလာခဲ့ပြီးနောက် ၎င်းပိုင်ဆိုင်သည့် ရွှေမန်းအိမ်ခြံမြေလုပ်ငန်းသည် စစ်ဘက်အရာရှိတချို့ပါဝင်ပတ်သက်နေပြီး တရုတ်လုပ်ငန်းရှင်တစ်ဦးက ငွေကြေးထည့်ဝင်ထားသည့်လုပ်ငန်းဖြစ်ကြောင်း သိရသည်။
၎င်းသည်လှိုင်သာယာမြို့နယ်အတွင်းရှိ ကျူးကျော်များကို အင်အားသုံး ဖယ်ရှားခြင်း ၊ မဝင်မနေရစစ်မှုထမ်းစနစ်အတွက် စက်ရုံအလုပ်သမားလူငယ်များကို အတင်းအဓမ္မစစ်တပ်ထဲသို့ စေလွှတ်ခြင်းကြောင့် လှိုင်သာယာတွင် နာမည်ဆိုးဖြင့် ကျော်ကြားသူဖြစ်ကြောင်း သိရသည်။
လှိုင်သာယာတွင် ထိုသို့ နာမည်ဆိုးဖြင့် ကျော်ကြားသူဖြစ်သော်လည်း လှိုင်သာယာမြို့နယ်၏ အုပ်ချုပ်ရေးအကြီးအကဲဖြစ်နေခြင်းကြောင့် မည်သူမှ စောဒကမတက်ရဲဘဲ ၎င်း၏အကြောင်းကို တော်လှန်ရေးအဖွဲ့များထံတိုင်ကြားလာ၍ ယခုကဲသို့ အုပ်ချုပ်ရေး ဒေါက်တိုင်ကြီးတစ်ခုကိုရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း Golden Valley Warrior ကဆိုသည်။
Golden Valley Warriors သည် ရန်ကုန်မြို့ရှိ အကြမ်းဖက်စစ်တပ်နှင့် ဆက်စပ်သည့် မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဝင်များနှင့် လုပ်ငန်းရှင်များအား စာရင်းပြုစု ထောက်လှမ်းထားပြီး ၎င်းတို့အားလုံးကိုပစ်မှတ်ထား တိုက်ခိုက်နိုင်ရန် လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ထားသည်။
လက်ရှိတွင် စစ်ကောင်စီက လှိုင်သာယာမြို့နယ်တစ်ခုလုံးကို ပိတ်ဆို့၍ ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
#လှိုင်သာယာ #စီမံအုပ်ချုပ်ရေးကော်မတီဝင် #ကျော်သူဝင်း #ကိုယ်ရေးအရာရှိ #ပစ်ခတ်ခံရ #GoldenValleyWarrior #Ayeyarwaddy_Times