ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၃ရက်

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကူးတို့လေးကျေးရွာကို စစ်ကောင်စီက ဗုံးကြဲချ တိုက်ခိုက်ခဲ့ရာ ဒေသခံအမျိုးသမီးတစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ယမန်နေ့ အောက်တိုဘာ ၁၂ရက်နေ့ မွန်းလွဲ ၃နာရီခန့့်က ဂွမြို့နယ် ကူးတို့ရွာကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦးအပါအဝင် သုံးဦး သေဆုံးခဲ့ပြီး နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများနှင့် နီးစပ်သူထံက သိရသည်။

“ညနေ ၃နာရီလောက် ဂျက်လေယာဉ်ဝဲပြီး လာကြဲတာ။ မိသားစုတစ်စုလုံး အပြုံလိုက်ထိကုန်တာ။ ကူးတို့လေးမှာတော့ တိုက်ပွဲဖြစ်သံမကြားပါဘူး။ ဟိုဘက်ခြမ်း ဒယ်ဘုတ်ဘက်တော့ ပစ်ခတ်တာတွေရှိတယ်” ဟု ဂွဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဂွမြို့နယ်ရှိ ဘဲအင်း၊ ဒယ်ဘုတ်၊ သပြုချောင်း ကျေးရွာအနီးတွင် ပြီးခဲ့သည့်ရက်ပိုင်းကတည်းက စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက အဆိုပါကျေးရွာများအပြင် ကူးတို့လေး ကျေးရွာကိုပါ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၄ရက်နေ့ကတည်းက ကျောက်ပါးစပ်ရွာအနီး ကင်းပုန်းဝပ်နေသည့် စစ်ကြောင်းနှင့် AAတို့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိခိုက်သေဆုံးမှုများခဲ့သော စစ်ကောင်စီတပ်သည် ဂွမြို့နယ်ရှိ ကုလားပြင်တံတားကို မိုင်းခွဲချိုးဖျက်ခဲ့ပြီး ပုဂံတောင်ဘက်သို့ ဆုတ်ခွာသွားခဲ့သည်။

ထို့အပြင် ကုလားပြင်တွင် ကျန်ရှိနေသည့် စစ်ကောင်စီတပ်အချို့တွင်လည်း စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေးသူ များလာသည့်အတွက် လိုက်လံဖမ်းဆီး၊ ပစ်ခတ်သတ်ဖြတ်မှုများ လုပ်ဆောင်လာကြောင်း သိရသည်။

#ဂွ #ကူးတို့လေး #စစ်ကောင်စီ #ဗုံးကြဲ #ဒေသခံ၃ဦးသေဆုံး #Ayeyarwaddy_Times