ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၃ ရက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးရွာကို စစ်‌ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ် နှစ်ဦးအပါအဝင် သုံးဦးသေဆုံးပြီး ရှစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးရွာကို ငါတို့ရွာ ပျူစောထီး အထိုင်စခန်းမှ စစ်သားများနှင့် ပျူစောထီးများက ယမန်နေ့ အောက်တိုဘာ ၁၂ ရက်၊ နံနက် ၁ နာရီ ၃၀ မိနစ်ခန့်တွင် ဒရုန်း ဖြင့် ဗုံး သုံးလုံးကြဲချ တိုက်ခိုက်ခဲ့ရာ ကလေးငယ် နှစ်ဦးအပါအဝင် သုံးဦးသေဆုံးပြီး ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

ဒရုန်းဗုံး ထိမှန်သေဆုံးသူများမှာ အသက် ၃၀ နှစ်အရွယ် မဖြူဝင်း၊ အသက် လေးနှစ်အရွယ် မသိမ့်သိမ့်ဖြူ နှင့် အသက် ၁၀ နှစ်အရွယ် မငြိမ်းအိစံ တို့ သုံးဦးဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်အောက်တိုဘာ ၁၁ရက်နေ့က ကန့်ဘလူ တင့်ကားတပ်ရင်း ၆၀၀၆ မှ ထွက်လာသည့် အင်အား ၇၀ခန့်ပါ စစ်ကြောင်းသည် ငါတို့ရွာ ပျူစောထီးရွာတွင်း ဝင်ရောက်လာပြီး အနီးနားရှိ ကျေးရွာများကို ဒရုန်းဗုံးများဖြင့် တိုက်ခိုက်နေကြောင်း သိရသည်။

“ကန့်ဘလူ တင့်ကားတပ်က အဖွဲ့တွေက ပင်လည်ဘူးအပို့ခံရတာ အတော်ကုန်နေပြီ။ အခု အနီးအနားရွာတွေကိုဝင်ပြီး ဒရုန်းနဲ့ တိုက်ခိုက်တာ။ ရှိတာတွေလည်းဝင်ခိုးတယ်။ တခြားပြစ်မှုတွေလည်းရှိတယ် ဖုန်းအဆက်အသွယ်မရကြလို့ မသိရတာ” ဟု ကန့်ဘလူ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့အပြင် ဒရုန်းများဖြင့်တိုက်ခိုက်ပြီး ကျွဲ၊ နွား၊ ဝက်၊ ကြက် စသည့် တိရစ္ဆာန်များကိုလည်း ကျေးရွာအတွင်းဝင်ရောက်ခိုးယူမှုများကို စစ်ကောင်စီတပ်များက ပြုလုပ်လျက်ရှိသည်။

တချိန်တည်းမှာပင် ထိုစစ်ကြောင်းသည် အောက်တိုဘာလ ၁၂ ရက်နေ့မနက် ၂ နာရီခန့်တွင်လည်း ရွာမရွာရှိ ပြည်သူပိုင်နေအိမ်များပေါ်သို့ ဒရုန်းဗုံးသီးချ တိုက်ခိုက်ခဲ့‌သေးသည်။

ကန့်ဘလူ ၆၀၀၆ အထိုင်မှ ထွက်လာသော စစ်ကြောင်းများသည် ယခင်ကဲ့သို့ စစ်ကြောင်းထိုးခြင်းများလုပ်ဆောင်ခြင်းမရှိဘဲ အနီးအနားတစ်ဝိုက်ရှိ ပြည်သူပိုင် ပစ္စည်းများနှင့် ကျွဲ၊နွား၊ဝက်၊ကြက်များကို ခိုးယူရှာဖွေစားသောက်ကာ ပျူအထိုင်စခန်းများမှ ဒရုန်းဖြင့် လှည့်ပတ်ပြီး ပြည်သူများနေထိုင်သည့် ကျေးရွာများအား အကြောင်းမဲ့သက်သက် ဗုံးသီးချတိုက်ခိုက်မှုများအား ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

ကန့်ဘလူမြို့နယ်တွင် ထိုသို့ စစ်‌ကောင်စီတပ်များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စက်တင်ဘာလအတွင်း ပြည်သူ ခြောက်ဦးသေဆုံးခဲ့ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရသည်။

ဓာတ်ပုံ-ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

#စစ်ကိုင်းတိုင်း #ကန့်ဘလူမြို့နယ် #အင်းလယ်ကြီးရွာ #စစ်ကောင်စီ #ဒရုန်းဗုံးကြဲ #ပြည်သူသေဆုံး #Ayeyarwaddy_Times