နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၃ ရက်

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် ဘက်ပေါင်းစုံ အရေးနိမ့်နေသော စစ်ခေါင်းဆောင်သည် လက်အောက်ခံ ရေတပ်တပ်ဖွဲ့အတွက် စိုးရိမ်မှုများရှိနေသဖြင့် အာဆီယံထံက စစ်ရေးဆိုင်ရာ အကူအညီရရှိရေးကြိုးစားလာကြောင်း လေ့လာစောင့်ကြည့်သူများက ထောက်ပြကြသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် (၁၈) ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေးကို အိမ်ရှင်နိုင်ငံအဖြစ် ယခုရက်ပိုင်းအတွင်းက နေပြည်တော်တွင် ကျင်းပခဲ့ပြီး အာဆီယံနိုင်ငံ အားလုံးနှင့် ချစ် ကြည်ရင်းနှီးမှုကို လိုလားသည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

“အဓိကကတော့ ကုန်းမှာတင် မကတော့ဘဲ ရေမှာလည်း သူတို့ရဲ့အခြေအနေပေါ်မှာ စိုးရိမ်မှုတွေရှိလို့ ပိုပြီးတော့မှ စစ်ရေးဆိုင်ရာ အကူအညီကို အာဆီယံကနေ ထပ်ပြီးယူဖို့ ကြိုးစားတယ်ဆိုတာမျိုး တစ်ဖက်ကကြည့်လို့ရတယ်” ဟု ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားသူ ဒေါ်ခင်ဥမ္မာက ဆိုသည်။

ထို့အပြင် အာဆီယံအနေဖြင့် နိုင်ငံတကာစင်မြင့်တွင် နိုင်ငံတကာဥပဒေကို ချိုးဖောက်နေသော ရာဇဝတ်ကျူးလွန်သူများအား ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ပြနေမှုသည် လက်ခံနိုင်စရာမရှိကြောင်း ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ခေါင်းဆောင်သည် အဆိုပါအစည်းအဝေးတွင် အဓိကအားဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပိုမိုနီးကပ်စွာ ဆက်ဆံရေးတိုးမြှင့်ရန်၊ စစ်ရေးပူးပေါင်းဆောင်ရွက်မှုများကို တိုးတက်စေရန်နှင့် နိုင်ငံတကာအကူအညီများရရှိရန် မျှော်လင့်လျှက်ရှိကြောင်း သိရသည်။

လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအို ဒုကြည်းတပ်ဦးစီးချုပ်၊ ဘရူနိုင်း ယာယီရေတပ်ဦးစီးချုပ်၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် ဒုရေတပ်ဦးစီးချုပ်တို့သာ လူကိုယ်တိုင် တက်ရောက်ခဲ့သည့် ထိုအစည်းအဝေးတွင် စစ်ခေါင်းဆောင်က အာဆီယံအဖွဲ့အတွင်း အာဆီယံစိတ်ဓာတ်အပြည့်ဖြင့် အာဆီယံပဋိဉာဉ်များနှင့်အညီ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

စစ်ကောင်စီအနေဖြင့် နိုင်ငံတကာ မျက်နှာစာတွင် ၎င်းတို့၏ တရားဝင်မှုကို ပိုတိုးတက်မှုရှိလာအောင် ကြိုးစားယူနေသည့် သဘောဖြစ်ပြီး လက်အောက်ခံ ရေတပ် လိုအပ်ချက်များကို စစ်ခေါင်းဆောင်က ဖြည့်တင်းပေးမည်ဆိုခြင်းသည်လည်း စိတ်ဓာတ်မြှင့်တင်ရန် ပြောခြင်းဖြစ်ကြောင်း စစ်ကိုင်းဒေသခံ နိုင်ငံရေးသမား ကိုစိုးဝင်းဆွေက သုံးသပ်သည်။

“ရေတပ်ကိစ္စကို သူဖြည့်တင်းမယ်ဆိုတာကလည်း အဓိကကတော့ ရခိုင်စစ်မျက်နှာစာမှာ AA က အောင်ပွဲတွေ ဆက်တိုက်ရနေတဲ့အပေါ် သူ့လူတွေကို စိတ်ဓာတ်မြှင့်တင်တဲ့အနေနဲ့ ပြောတာလည်း ဖြစ်နိုင်ပါတယ်” ဟုကိုစိုးဝင်းဆွေက ဧရာဝတီတိုင်းမ်ကို ဆက်လက်ပြောသည်။

ယင်းမတိုင်ခင် အောက်တိုဘာ ပထမအတွင်းကလည်း အာဏာသိမ်းပြီးနောက် စတင်ဖွဲ့စည်းခဲ့သော ကမ်းခြေစောင့်တပ်ဖွဲ့အတွက် ယခုထက်များစွာသော ရေယာဉ်၊ လက်နက်ပစ္စည်းကိရိယာ၊ လူ့စွမ်းအားများကို တိုးချဲ့သွားမည်ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဟု စစ်ခေါင်းဆောင်က ပြောဆိုခဲ့ကြောင်း သိရသည်။

“အာဆီယံဘက်ကတော့ လက်နက်ခဲယမ်း တစ်စုံတစ်ရာ ပံ့ပိုးမှုရမယ်လို့ ကျွန်တော်ကတော့ မထင်ဘူး။ ဖြစ်နိုင်တာကတော့ သူရဲ့ မဟာမိတ်နိုင်ငံ တချို့ပေါ့။ အဓိကကတော့ စစ်ကောင်စီကို သက်ဆိုးရှည်ဖို့ အားပေးနေတဲ့ တချို့သော နိုင်ငံတွေကနေ ရနိုင်တယ်” ဟု နိုင်ငံရေးသမား ကိုစိုးဝင်းဆွေက ဆိုသည်။

စစ်ခေါင်းဆောင်အပါအဝင် စစ်ကောင်စီရေတပ်မှ တာဝန်ရှိသူများက အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေးသို့ တက်ရောက်လာသော ယာယီရေတပ်ဦးစီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များကို သီးခြားတွေ့ဆုံကာ ၎င်းတို့နှင့် အာဆီယံရေတပ်များကြား ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများအရ သိရသည်။

ဓာတ်ပုံ-စစ်ကောင်စီ

#အာဆီယံ #စစ်ရေးဆိုင်ရာ #အကူအညီရရှိရေး #စစ်ခေါင်းဆောင် #လေ့လာသူများ #Ayeyarwaddy_Times