ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာဝတီတိုင်းမ်၊ အောက်တိုဘာ ၁၃ ရက်)

ယခုကြုံတွေ့ခဲ့ရတဲ့ ရေလွှမ်းမိုးမှု ဖြစ်စဉ်အပြီးမှာတော့ ကရင်နီပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း ရဲ့မြို့တွေအပြင် ရေကြီးမှုနဲ့ ဆက်စပ်နေတဲ့ တိုင်းနဲ့ပြည်နယ်အတော်များများမှာ ဗိုက်အောင့်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောဝမ်းကိုက်ခြင်း၊ အစာအိမ်နဲ့အူလမ်းကြောင်းရောဂါများ၊ ခြေထောက် ယားယံအနာပေါက်ခြင်းနဲ့အရေပြားဆိုင်ရာရောဂါများ ၊ အသားဝါရောဂါများ ၊ မျက်စိနာရောဂါများ၊ ရင်ကြပ်ခြင်းကဲ့သို့ အသက်ရှူလမ်းကြောင်းရောဂါများအပြင် ခြင်၊ယင် စတဲ့အင်းဆက်ပိုးမွှားတွေ ကြောင့် ဖြစ်ရတဲ့ရောဂါများနဲ့ အစာအဆိပ်သင့်ခြင်းရောဂါတွေကို ကြုံတွေ့ခံစားနေရပါတယ်။

ဒီတစ်ပတ်မှာတော့ ခြေထောက်မှာဖြစ်တဲ့ ကျန်းမာရေးပြဿနာလေးတွေကို တင်ဆက်ပေးသွားပါမယ်။

#အားကစားသမားခြေထောက်ရောဂါ

အားကစားသမားခြေထောက် ရောဂါဆိုတာ ရောဂါအဆန်းတော့လည်း မဟုတ်ပါဘူး။ ခြေချောင်း လေးတွေကြားမှာ ရေဝဲစားတယ်လို့ ခေါ်ဝေါ်ကြတဲ့ ခြေထောက်မှာဖြစ်တတ်တဲ့ မှိုရောဂါပဲဖြစ်ပါတယ်။

Tinea pedis တီးနီးယား-ပီးဒစ် မှိုတက်ခြင်းကို ခြေဖဝါးခြေဖမိုး ခြေချောင်းလေးတွေအကြားမှာ တွေ့ရပါတယ်။ အရေပြားကွဲခြင်း အရေပြားအဖက်များကွာကျခြင်း နီရဲရောင်ရမ်းခြင်း ယာယံခြင်း တွေကို ခံစားရပြီး အနံ့ဆိုးတွေကိုလည်းထုတ်လွှတ်ပါတော့တယ်။ အခြေအနေတွေဆိုးလာပါက နာကျင်ခြင်းနှင့်အတူတူ ခြေ‌ချောင်း ကြားမှာ အရည်ကြည်ဖုတွေပေါက်တဲ့အထိ ဆိုးရွားတတ်ပါတယ်။ မီးစနှင့်ထိုးသလို နာကျင်ရပြီး ပျားတုပ်ခံထားရသလို နေရခက်‌စေပါတယ်။ ခြေထောက်သာမကဘဲ ခန္ဓာကိုယ်ရဲ့ နေရာအနှံ့ကို ပျံ့နှံ့ကူးစက်တတ်ပါတယ်။

ခြေထောက်ချွေး‌စေးထွက်သူတွေမှာ အဖြစ်များတာ‌ကြောင့် ဖိနပ်ကျပ်ကျပ်စီးသူတွေ၊ ခြေအိပ်ထူထူ စွပ်သူရဲ့ ခြေချောင်း‌တွေအကြားမှာ မှိုစွဲခြင်းစတင်ဖြစ်လာပါတယ်။ ‌ရွံ့၊ နွံ၊ နုန်းမြေတွေနဲ့ မသန့်တဲ့ ရေစိုစို‌တွေ ထိတွေ့မိတာက ခြေထောက်ဝဲစားစေဖို့ အခြေအနေတွေကို ဖန်တီးပေးပါတယ်။

လူတစ်ယောက်ခြေထောက်မှာ ရေဝဲ၊ သဲဝဲ စားနေပြီဆိုပါက နောက်ထပ်အခြားသူတွေကို ကူးစက်ဖို့ အတွက် အလွန်လွယ်ကူပါတယ်။ မှိုရှိနေတဲ့ ညှပ်ဖိနပ်အလွယ်ယူစီးတာကစလို့ အဝတ်အစား၊ မျက်နှာ သုတ်ပုဝါ၊ အိပ်ယာခင်း၊ ခြေသုတ်ဖုံ၊ ခြေအိတ်မျှဝေသုံးစွဲတာအဆုံး ရေချိုးခန်းမျှဝေသုံးစွဲသူတွေအထိ လူအချင်းချင်း ကူးစက်ပျံ့နှံ့ပါတယ်။

ရောဂါကူးစက်ခံရပါကမှို‌သတ်လိမ်းဆေးခရင်(မ်) လိမ်းပြီးကုသရပါတယ်။ ခြေထောက်မှာ ဆိုးဆိုးဝါးဝါး ပြဿနာတွေပေးနေရင် သောက်ဆေး မှို‌သတ်ဆေးဝါးတွေဖြင့် ကုသရပါတယ်။ စနစ်တကျ ပျောက်ကင်းအောင် ကုသပေးလျှင်တောင်မှ နောက်ထပ် ပြန်ပြန်ဖြစ်တတ်ပါသေးတယ်။ မကုဘဲ ထားရင်တော့ ယားယံခြင်းနှင့် ခြေထောက်သဲဝဲရေဝဲစွဲ သံသရာကနေလွတ်မြောက်ဖို့မလွယ်ကူပါဘူး။

ရောဂါကို မကုဘဲထားခဲ့ပါက ခြေထောက်ကနေ ခန္ဓာကိုယ်ကို ပျံ့နှံ့ပြီး ပွေးယားနာဖြစ်စေပါတယ်။ ခြေထောက်မှိုစွဲခြင်းကို မကုဘဲထားပါက ဘတ်တီးရီးယာပိုးဝင်ကာ ပြည်တည်နာဖြစ်ပြီး အန္တရာယ် များနိုင်ပါတယ်။

#ကာကွယ်ဆင်ခြင်ကြမယ်

ခြေထောက်ကို ‌ဆပ်ပြာအသုံးပြု ဆေးကြောသန့်စင်ပြီး ခြောက်သွေ့စွာထားရပါမယ်။ ရှုးဖိနပ်များအစား လေဝင်လေထွက်ကောင်းတဲ့ ကြိုးသိုင်းဖိနပ်တွေကို ရွေးချယ်အသုံးပြုရပါမယ်။

ခြေထောက်ချွေး‌စေးထွက်ခြင်းနဲ့ ခြေဆီအနံ့ဆိုးကို ထိန်းချုပ်ဖို့ အတွက် အသုံးပြုရတဲ့ဆေးဆေးပေါင်ဒါ များအသုံးပြုနိုင်ပါတယ်။ ခြေအိတ်တွေကို စနစ်တကျလျော်ဖွတ်ခြောက်သွေ့ခံပြီးမှ အသုံးပြုရပါမယ်။ ခြေအိတ်ကို မကြာခဏလဲလှယ်ပေးရပါမယ်။ နိုင်လွန်ခြေအိတ်များအစား ချည်သားခြေအိမ်များ သုံးစွဲတာက ကျန်းမာရေးအတွက်ပိုမိုကောင်းမွန်ပါတယ်။

ဖုန်မှုန့်နဲ့ စိုစွတ်တဲ့ပတ်ဝန်းကျင်ကိုရှောင်ရပါမယ်။ နေထိုင်ရာအိမ်ရဲ့သန့်ရှင်းရေးကိုဂရုပြုရပါမယ်။

ခြေထောက်သဲဝဲစားပါက ရှက်ရွံမနေဘဲ ဆရာဝန်နဲ့စနစ်တကျပြသတိုင်ပင်အကြံဉာဏ်ရယူ အကူအညီ တောင်းနိုင်ပါတယ်။ မှိုသတ်ဆေးများဖြင့်ကုသရ၍ မပျောက်ကင်းပါက အရေပြားရောဂါအထူးကု သဆရာဝန်များနဲ့တိုင်ပင်ပြီးအကြံဉာဏ်ရယူသင့်ပါတယ်။

အားလုံးပဲသန့်ရှင်းကျန်းမာတဲ့ခြေထောက်ကလေးတွေပိုင်ဆိုင်နိုင်ကြပါစေ။

နောက်တစ်ပတ်မှာတော့ အမျိုးသမီးကျန်းမာရေးကဏ္ဍအတွက် မျက်နှာပြင်ပေါ်က တင်းတိတ် နှင့် အမဲစက်များ အ ကြောင်း အရာကိုတင်ဆက်ပေးမှာဖြစ်တာကြောင့်စောင့်မျှော်အားပေးကြပါဦးခင်ဗျာ။ ဧရာဝတီတိုင်းမ်ပရိသတ်များ ကျန်းမာရွှင်လန်းကြပါစေ။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #ခြေချောင်းလေးတွေကျန်းမာစေချင် #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန်နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာဝတီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေး အသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)