
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၂ရက်
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အနီးရှိ တပ်စခန်း များကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်လျက်ရှိပြီး စစ်ဌာနချုပ်အနီးအထိ နီးကပ်လာပြီဖြစ်ကြောင်း သိရသည်။
ယမန်နေ့ အောက်တိုဘာ ၁၁ရက်နေ့တွင် နပခ အနီးရှိ ကမ်းဒိတ်တောင် လက်နက်ကြီးစခန်းနှင့် ခမရ ၃၇၃တပ်ရင်းတို့ကို AAက တိုက်ခိုက်သိမ်းယူခဲ့ကြောင်း သိရသည်။
“လေယာဉ်ပစ်ကူလာတယ်။ စစ်တပ်က ကျသွားတဲ့ တပ်ရင်းတွေကနေ တခြားလက်နက် ကြီးစခန်းတွေ ဆီသွားပူးပေါင်းတယ်။ နပခ ထဲမှာတော့ အဝင်ဂိတ်စခန်းတွေအပါအဝင် စခန်းဒါဇင်ကျော်တော့ ကျန်သေးတယ်။ မကြာပါဘူး ရမှာပါ” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
AA သည် ပြီးခဲ့သည့် စက်တင်ဘာ၆ရက်နေ့က စစ်ကောင်စီ၏ ခမရ ၃၇၃၏ ကာကင်းစခန်းအချို့ကို တိုက်ခိုက်သိမ်းယူခဲ့သည်။
ထို့အပြင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ အဓိက ကာကွယ်ရေးတပ်စခန်းဖြစ်သည့် မဲတောင်ဗျူဟာ ကိုလည်း AA က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
ကျန်ရှိသည့် တပ်စခန်းများကို အောက်တိုဘာ ၁၀ရက်မှစပြီး AAက ထိုးစစ်အရှိန်မြှင့်တိုက်ခိုက်ခဲ့ရာ ကမ်းဒိတ်တောင်လက်နက်ကြီးစခန်းနှင့် ခမရ ၃၇၃တပ်ရင်းတို့ကို ဆက်လက်သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။
AA သိမ်းယူခဲ့သည့် မဲတောင်ဗျူဟာကုန်းတွင် စစ်ကိုင်းတိုင်း၊ ကလေး၊ မော်လိုက်၊ ဟုမ္မလင်းအခြေစိုက် စကခ ၁၀ လက် အောက်ခံ တပ်ရင်းများဖြစ်ကြသော ခမရ ၃၆၂၊ ၃၆၅၊ ၃၆၉တပ်ရင်းများ၊ အမ်း၊ နပခ ဌာနချုပ်လက်အောက်ခံ တပ်ရင်းအချို့ နှင့်စကခ (၅) လက်အောက်ခံ ခမရ ၃၄၆၊ ၃၇၃၊ ၃၇၂တပ်ရင်းများ စုပေါင်းထားသော တပ်ရင်းများပါဝင်ပြီး မဲတောင် နှင့် အမ်းဌာနချုပ်ပတ်ဝန်းကျင်၌ လှုပ်ရှားကြသည်ဟု AA ကဆိုသည်။
ကျောက်စကွဲရွာအနီးတွင် ပြီးခဲ့သည့် စက်တင်ဘာ ၂၄ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲ များကတည်းက စစ်ကောင်စီ၏ စခန်းများကို AA က တစ်ခုပြီး တစ်ခု သိမ်းပိုက်လာခြင်းဖြစ်ကြောင်း သိရသည်။
အမ်း၏ တိုင်းစစ်ဌာနချုပ်တွင် ခမရ ၃၇၁၊ ခမရ ၃၇၂၊ ခမရ ၃၇၃၊ ကုတင် ၃၀၀ဆံ့ တပ်ဆေးရုံ၊ အမှတ် (၉၄၆) ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲ၊ အမှတ် (၃၄၅) စစ်လက်နက်ပစ်တပ်ခွဲ၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်ခွဲ၊ အအမှတ်(၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် (၉၂၆) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ (ထပခ)၊ အမှတ် (၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမ်းတောင် အုပ်စု အမှတ် (၇၅၇) အလုပ်ရုံတပ်ခွဲ နှင့် အမှတ် (၁၀) တပ်ထိန်းတပ်ခွဲတို့ရှိသည်။
AA သည် မဲတောင်ကြောရှိ စစ်ကောင်စီ၏ ကာကင်းစခန်းများကို သိမ်းပိုက်ပြီးသည့်အပြင် ထပခ ၉၂၆ အနီးအထိ စစ်ကြောင်းများခွဲ၍ နယ်မြေစိုးမိုးမှု ရယူထားပြီးဖြစ်ကြောင်း ရခိုင်စစ်ရေးသတင်းရင်း မြစ်ထံက သိရသည်။
စစ်ကောင်စီသည် အမ်းမြို့နယ်အတွင်း ရွာများက AA ကို အကူအညီမပေးနိုင်စေရန်နှင့် ကာကင်း စခန်းများပြုလုပ်ရန်အတွက် ကြောင်ဖြူကွင်း၊ ဂွေးကိုင်းရွာ၊ ရပ်သာ၊ ပျဉ်းတောကြီး၊ ကြပ်ရွာ၊ ကျွဲသလင်း၊ နေကာရွာသစ်စသည့် ကျေးရွာ ခုနစ် ရွာမှ ဒေသခံများကို အတင်းအကျပ် ပြောင်းရွှေ့ခိုင်းခဲ့သည်။
ဓာတ်ပုံ- Nai Zinyaw
#အမ်း #အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် #ခမရ၃၇၃ #ကမ်းဒိတ်တောင် #AAသိမ်းပိုက် #Ayeyarwaddy_Times