
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၂ ရက်
ဧရာဝတီတိုင်းရှိ ပုသိမ်လေဆိပ်ကို ခြောက်နှစ်အကြာတွင် ပြန်လည်ဖွင့်လှစ်ပြီး လေယာဉ်ခရီးစဉ်များကို လေကြောင်းနှစ်ခုက အောက်တိုဘာ ၁၃ ရက်နေ့တွင် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ခရီးစဉ်ကို မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) က တနင်္ဂနွေ နှင့် တနင်္ဂလာနေ့တွင် ရန်ကုန်- ပုသိမ်- ညောင်ဦး- မန္တလေး (အသွား၊ အပြန်) ပြေးဆွဲမည်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း ( MAI) က ကြာသာပတေးနှင့် သောကြာနေ့တွင် ရန်ကုန်- ပုသိမ်- ညောင်ဦး – မန္တလေး ( အသွား၊အပြန်) ပြေးဆွဲမည်ဖြစ်ကြောင်း ယင်းဌာနကထုတ်ပြန်သည်။
အဆိုပါခရီးစဉ်ဒေသများကိုသွားရောက်လည်ပတ်နိုင်ကြောင်း စစ်ကောင်စီ၏ ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
” NLDအစိုးရလက်ထက်တုန်းက တစ်ခါ ပြေးဆွဲခဲ့ဘူးတယ် လိုက်မဲ့သူမရှိလို့ နောက်ပိုင်း ပျက်သွားတာ ခု တစ်ခါပြန်လုပ်တာ”ဟု ပို့ဆောင်ရေး၀န်ထမ်းတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
လာမည့် အောက်တိုဘာ ၁၃ ရက်နေ့တွင် ရန်ကုန် – ပုသိမ်တိုက်ရိုက်ပြေးဆွဲမည်ဖြစ်ပြီး မနက် ၆ နာရီခွဲထွက်ခွာကာ ပုသိမ်ကို ၇ နာရီကျော်ရောက်ရှိပြီဖြစ်ကာ ၄၀ မိနစ်ခန့်စီးနင်းနိုင်ရကြောင်း MNA လေကြောင်းလိုင်းထံမှ သိရသည်။
အဆိုပါလေယာဉ်လက်မှတ်ဈေးနှုန်းတွင် Economy တစ်စောင် ကျပ် နှစ်သိန်းမှ နှစ်သိန်းခွဲပတ်ဝန်းကျင်ရှိကြောင်း သိရသည်။
ထို့ပြင် အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI)မှ မင်္ဂလာလေကြောင်းအနေဖြင့် အောက်တိုဘာ ၁၇ ရက်နှင့် ၁၈ ရက်များတွင် ရန်ကုန်မြို့နှင့်ပုသိမ် အထူးခရီးစဉ်အဖြစ်ပြေးဆွဲမည်ဖြစ်ပြီး လက်မှတ်စောင် ကျပ် ၁၈၅,၀၀၀ ကျပ်သတ်မှတ်ထားကြောင်း MAI ထံမှသိရသည်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် နာမည်ကျော် ငွေဆောင်ကမ်းခြေနှင့် ချောင်းသာကမ်းခြေတည်ရှိပြီး ဆက်စပ်သွားလာနိုင်သည့် ဂေါ်ရင်ဂျီကျွန်းနှင့် ရွှေသောင်ယံကမ်းခြေတို့တည်ရှိကာ ပြည်တွင်း ခရီးသွားများလည်ပတ်လေ့ရှိသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် NLD လက်ထက်တွင် အချိန်တိုအတွင်းပြည်တွင်းပြည်ပ ခရီးသွားလည်ပတ်နိုင်စေရန် စီးပွားရေးတိုးတက်စေရန်အတွက် ရန်ကုန် – ပုသိမ်ခရီးစဉ်ကို တစ်ပတ်လျှင် လေးရက်ပြေးဆွဲခဲ့ကြောင်း သိရသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြီးခဲ့သည့် ဩဂုတ်လက ပုသိမ်မြို့သို့ ရောက်ရှိလာပြီး ပုသိမ်လေယာဥ်ကွင်းအား အဆင့်မြှင့်တင်ရန်နှင့် နိုင်ငံတကာလေယာဉ်များဆင်းသက်နိုင်ရေး ဆောင်ရွက်ရန်မှာကြားခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ လေကြောင်းလိုင်း စတင်ပြေးဆွဲခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#ဧရာဝတီတိုင်း #ပုသိမ်လေဆိပ်ပြန်ဖွင့် #လေကြောင်းပြေးဆွဲ #Ayeyarwaddy_Times