
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၂ ရက်
ယခုနှစ်သီတင်းကျွတ်ကျောင်းပိတ်ရက်နှင့် ရုံးပိတ်ရက်များတွင် စစ်မက်ဖြစ်ပွားမှုမရှိသော ငွေဆောင်၊ ချောင်းသာအပါအဝင် ပုံဂံညောင်ဦးနှင့် ပြင်ဦးလွင်ဒေသများထံ လည်ပတ်သူများကြောင်း သိရသည်။
အဆိုပါခရီးစဉ်များတွင် ဟိုတယ်ရက်ချိန်းယူထားသူများ၊ အဝေးပြေးယာဉ်လက်မှတ်များဘိုကင် ပြည့်နေပြီး ခရီးသွားများအပါအဝင် သီတင်းကျွတ်အိမ်ကန်တော့သူများလည်းပါဝင်ကာ သီတင်းကျွတ် ကျောင်းပိတ်ရက်ဖြစ်၍ ပြည်တွင်းခရီးစဉ်များ စတင်နေပြီဖြစ်ကြောင်း ခရီးသွားဝန်ဆောင်မှု လုပ်သူများထံက သိရသည်။
” ကလေးတွေကျောင်းပိတ်လို့ အချို့မိသားစုတွေခရီးသွားကုန်ကြပြီ။ ရုံးသမားတွေမပိတ်သေးတော့ ကားလက်မှတ်နဲ့ ဟိုတယ် booking တွေလုပ်ထားကြတယ်။ ကားလက်မှတ်ဆို ဒီလအစောကြီး ကတည်းက ပြည့်နေတယ်။ ကားလိုင်းတွေ ကားတိုးဆွဲရတယ် ” ဟု ခရီးသွားဝန်ဆောင်မှုလုပ်သူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် စစ်မက်ဖြစ်ပွားမှုမရှိသော ဧရာဝတီတိုင်းအတွင်းရှိ ငွေဆောင်ကမ်းခြေနှင့် ချောင်းသာ ကမ်းခြေတို့တွင် လည်ပတ်သူများရှိလာပြီဖြစ်ကြောင်း ခရီးသွားများထံက သိရသည်။
” ဘယ်မှမသွားရတာကြာလို့ အလုပ်နားအကုန်အနားပြီးတော့ ကမ်းခြေသွားဖို့စီစဉ်ထားတယ်။ ဒီသီတင်းကျွတ်ထဲမသွားဖြစ်ရင် တန်ဆောင်တိုင်ပိတ်ရက်တော့သေချာပေါက်သွားမလို့။ မွန်းကျပ်နေပြီ” ဟု ကုမ္ပဏီဝန် ထမ်း အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပြည်တွင်းခရီးသွားများသည့် ကလော၊ အင်းလေး၊ တောင်ကြီးခရီးစဉ်ဒေသများတွင် ရေကြီးရေလျှံမှုကြောင့် ကလောနှင့် အင်းလေးဒေသတို့တွင် အခက်အခဲများကြုံရ၍ ကလောမြို့ထံ လည်ပတ်နိုင်ပြီး အင်းလေးဒေသတွင်ရေလွှမ်းမိုးနေသေးကြောင်း အင်းလေးဒေသခံတစ်ဦးထံက သိရသည်။
မန္တလေးတိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲများဆင်နွှဲနေသော်လည်း ယင်း တိုင်းအတွင်းရှိ ပုဂံ ညောင်ဦးမြို့နှင့် ပြင်ဦးလွင်မြို့များသို့ ခရီးသွားမည့်သူများပြားကြောင်းသိရသည်။
လက်ရှိတွင် ပြင်ဦးလွင်မြို့နှင့်အနီးရှိ နောင်ချိုမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး ( MDY–PDF) နှင့် တအာင်းတပ်မတော် ( TNLA) တို့က သိမ်းပိုက်ထားပြီး စစ်ကောင်စီမှ စစ်အင် အားဖြည့်ကာဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်းသိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#သီတင်းကျွတ်ကာလ #ပိတ်ရက် #ပြည်တွင်းခရီးသွား #Ayeyarwaddy_Times