
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၁ ရက်
ရခိုင်ပြည်နယ်၊ စစ်တွေအကျဉ်းထောင်မှ ဧရာဝတီတိုင်း ပုသိမ်အကျဉ်း ထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ၃၅၁ ဦးမှာ နေထိုင်စားသောက်ရေးအခက်ခဲများနှင့် ကြုံနေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ယနေ့ အောက်တိုဘာ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည်။
ရုတ်တရက် ထောင်ပြောင်းရွှေ့မှုကြောင့် စစ်တွေထောင်မှ အကျဉ်းသားများ အနေဖြင့် မိသားစုဝင်များမှ ပေးပို့ထားသည့် ထောင်ဝင်စာပါဆယ်များကို အချိန်မီ ယူဆောင်နိုင်ခြင်းမရှိသည့်အပြင် ရခိုင်ပြည်နယ် အတွင်း တိုက်ပွဲအခြေအနေနှင့် သွားလာရေးအခက်အခဲများကြောင့် ထောင်ဝင်စာပါဆယ်ကို ပုံမှန်ပေးပို့နိုင်ခြင်းမရှိ၍ ယခုအခါ စားသောက်ရေးအခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။
စစ်တွေမှပုသိမ် အကျဉ်းထောင်သို့ ပြောင်းရွှေ့လာရသည့် အကျဉ်းသားများတွင် နိုင်ငံရေး အကျဉ်း သားအများစုပါဝင်ပြီး အမျိုးသားဦးရေ ပိုမိုများပြားကြောင်း သိရသည်။
” မူလ စစ်တွေအကျဥ်းထောင်မှာ ရှိကတည်းက မြို့ပေါ်ကမိသားစုတွေက ပုံမှန်ပါဆယ်ပို့နိုင်အောင် ကြိုးစားပေမယ့် သွားလာရခက်ခဲတဲ့ ဒေသက သူတွေအနေနဲ့ကျတော့ ရခိုင်ပြည်နယ်မှာရှိနေကတည်းက ပါဆယ်ပို့ဖို့ အင်မတန်ခက်ခဲပါတယ်။ အဲ့လို ခက်ခဲတဲ့အခြေအနေမှာ ဒီလိုမျိုးထပ်ပြောင်းလိုက်တော့ စားသောက်ရေးမှာ ပိုပြီးတော့ ခက်ခဲတဲ့အခြေအနေကို ရင်ဆိုင်နေရတာဗျ” ဟု PPNM အဖွဲ့အစည်းမှ ကိုသိုက်ထွန်းဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် ယခုကဲ့သို့ ရုတ်တရက် ထောင်ပြောင်းရွှေ့မှုကြောင့် လူဦးရေများပြားလာကာ ပုသိမ် အကျဉ်း ထောင်အတွင်း နေရာထိုင်ခင်း အခက်အခဲများနှင့် ကြုံတွေ့နေရပြီး ပုသိမ်ထောင်မှ အကျဉ်းသားတချို့ကို ထောင်ပြောင်းရွှေ့နိုင်ခြေရှိသည့်အတွက် အကျဉ်းသားများနှင့် မိသားစုဝင်များအနေဖြင့် ဂရုတစိုက် စောင့်ကြည့် သင့်ကြောင်းလည်း PPNM က သတိပေးပြောဆိုထားသည်။
“ကျွန်တော်တို့ယူဆတာက ပုသိမ်အကျဉ်းထောင်မှာ နေတာကြာတဲ့ သူတချို့ကို ပြောင်းရွေ့ သွားနိုင်တယ်။ လုံခြုံရေး အန္တရာယ်တွေလည်းရှိတယ်။ ပုသိမ်ကိုရွှေ့ပြီဆိုကတည်းက ပုသိမ်က လူအချို့ကိုလည်း အခြားနေရာကို ပြောင်းရွေ့သွားမှရလိမ့်မယ်။ လူဦးရေအားဖြင့် အရမ်းများနေတဲ့ ထောင်တစ်ခုမှာ သူတို့ရေရှည်ထားဖို့ မလွယ်ကူဘူးလို့တော့ ကျွန်တော်တို့ယူဆတယ်ဗျ။ ပုသိမ်မှာ လက်ရှိ ကျခံနေရတဲ့ သူတွေရော မိသားစု၀င်အနေနဲ့ရော ပြင်ဆင်မှုတွေအများကြီးလုပ်ထားသင့်တယ်” ဟု ကိုသိုက်ထွန်းဦးက ဆက်လက် ပြောသည်။
လက်ရှိတွင် စစ်တွေမှ ထောင်ပြောင်းနိုင်ငံရေးအကျဉ်းသားများ အဓိကကြုံတွေ့နေရသည့် စားသောက် နေထိုင်ရေး အခက် အခဲအတွက်ပြည်သူများအနေဖြင့် ကူညီထောက်ပံ့မှုများ ပေးလိုပါကလည်း PPNM အဖွဲ့အစည်းမှတစ်ဆင့် ငွေကြေးပျောက် ဆုံးမှုမရှိစေဘဲ ထိရောက်စွာ ကူညီပေးနိုင်ကြောင်းလည်း ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေသည့်အတွက် စစ်ကောင်စီသည် စစ်တွေမြို့ အတွင်း အထူးခံစစ်ပြင်ဆင်နေပြီး စစ်တွေအကျဉ်းထောင်မှ အကျဉ်းသား ၆၀၀ ကျော်ကို နှစ်သုတ်ခွဲကာ ရန်ကုန်နှင့် ပုသိမ် ထောင်များသို့ သင်္ဘောများဖြင့် ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ပုသိမ်ထောင် #စစ်တွေထောင် #စားသောက်ရေးအခက်အခဲ #နိုင်ငံရေးအကျဉ်းသား #ထောင်ပြောင်းရွှေ့ #Ayeyarwaddy_Times