ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၁ ရက်

ရန်ကုန်မြို့တွင် အာဏာရှင်ဆန့်ကျင်ရေးတတ်ကြွလှုပ်ရှားသူနှစ်ဦးဖြစ်သည့် ကိုပိုင်ဖြိုးမင်း (ခ) ဒီရေ နှင့် ကိုရှိန်းဝေအောင်တို့ကို စစ်ကောင်စီက ဖမ်းဆီးသွားရာတွင် အသက်အန္တရာယ်မရှိစေရန် အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International-AI )က ယမန်နေ့ အောက်တိုဘာ ၁၀ ရက်နေ့က တောင်းဆိုလိုက်သည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု ( AJAY) ဦးဆောင်သူ ကိုပိုင်ဖြိုးမင်း (ခ) ဒီရေ နှင့် ဒဂုံတက္ကသိုလ်ကျောင်း သားဟောင်းတစ်ဦးဖြစ်သူ ကိုရှိန်းဝေအောင်တို့ကို ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်နေ့က ဧည့်စာရင်းစစ်ခံရချိန်တွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါနှစ်ဦးနှင့်အတူ အခြားဖမ်းဆီးခံရသော တက်ကြွလှုပ်ရှားသူများ အသက်အန္တရာယ်မထိပါး စေရေးအတွက် နိုင်ငံ တကာအသိုင်းအဝိုင်းနှင့် တော်လှန်ရေးအင်အားစုများဝိုင်းဝန်းဖိအားပေးကြရန် တောင်းဆိုကြောင်း AI က ဆိုထားသည်။

“မြန်မာနိုင်ငံရဲ့ထောင်တွေထဲမှာ တရားမျှတမှုနဲ့ ဆက်ဆံခံရဖို့ မျှော်လင့်ချက်က အင်မတန် နည်းပါးပါတယ်။ ပွင့်လင်းမြင်သာမှုလဲမရှိသလို စံချိန်စံနှုန်းတွေ လိုက်နာခြင်းလဲ မရှိပါဘူး။ အဖမ်းခံရတဲ့ တက်ကြွလှုပ်ရှားသူ နှစ်ယောက်ကို ပို့လိုက်တဲ့ စစ်ကြောရေးစခန်းတွေဟာ မတရားမှုနဲ့ နာမည်ဆိုး ထွက်နေပြီး အဲဒီနေရာတွေသည် ဖမ်းဆီးထားသူတွေဆီက သတင်းအချက်အလက်တွေ နှိုက်ထုတ်ဖို့ အတွက် စစ်တပ်က အသုံးပြုတဲ့ နေရာမျိုးတွေပါ” ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ (Amnesty International) ၏ မြန်မာအရေး သုတေသနတာဝန်ခံ Joe Freeman က ပြောကြားသည်။

ထို့ပြင် ဖမ်းဆီးခံသူ ကိုရှိန်းဝေအောင်၏ မိသားစုဝင်များ အဖေ၊ အမေ၊ အစ်မတို့ကို ဆက်သွယ်၍မရသဖြင့် သူ၏မိသားစုကိုပါ ဖမ်းဆီးထားကြောင်း ယူဆရသည်ဟု စစ်အာဏာရှင် ဆန့်ကျင်ရေးရန်ကုန်အင်အားစု Anti-Junta Alliance Yangon – AJAY က ထုတ်ပြန်သည်။

” ကိုရှိန်းဝေအောင်နဲ့ မိသားစုဝင်များရဲ့ လုံခြုံရေးအတွက် မိတ်ဆွေများက အလွန် စိတ်ပူပန်နေပြီး သတင်းအချက်အလက်ပိုမိုသိရဖို့ ဆက်လက်စုံစမ်းနေပါတယ်” ဟု AJAY က ဆိုသည်။

ဓာတ်ပုံ – AJAY

#ရန်ကုန် #တက်ကြွလှုပ်ရှားသူ #နှစ်ဦးဖမ်းခံရ #AJAY #Ayeyarwaddy_Times