ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၁ရက်

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့အား ဩဂုတ် ၁၅ ရက်နေ့မှ စတင်၍ တိုက်ခိုက် သိမ်းပိုက်ရာ အောက်တို ဘာ ၈ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်။

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် ယခင်အခြေချနေသော စစ်ကောင်စီ အင်အားအပြင် Mi-17 ဖြင့် ၂၁ ကြိမ် ထပ်မံအင်အား ပို့ချမှုများကြောင့် ခလရ ၅၀၊ ၈၇၊ ၃၀၁၊ ၃၀၅၊ ခမရ ၁၆၊ ၁၀၁၊ ၁၁၁၊ ၃၆၃၊ ၃၆၈၊ ၇၀၄၊ ရဲ နှင့် SNA တပ်မဟာ-၆၁၄ ပူးပေါင်းအင်အား ၇၇၂ ဦးထိ ရှိခဲ့‌ကြောင်း အမှတ် (၁) စစ်ဒေသက ထုတ်ပြန်သည်။

တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၇၀ ခန့် သေဆုံးပြီး ၁၉၄ ဦး ပျောက်ဆုံး၍ ၂၂၅ ဦး ထိခိုက်ဒဏ်ရာရကာ ၆၀ ဦးမှာ စိုးရိမ်ရ အခြေအနေဖြစ်ကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်ရောက်လာသူ ၄၈ ဦးရှိပြီး စစ်သုံ့ပန်း ၁၀၂ ဦး ဖမ်းဆီးရမိသည့်အပြင် မူးယစ်ဆေးဝါး သုံးစွဲထားသည်များကိုလည်း တွေ့ရှိရကာ ၎င်းတို့အဓိက အခြေပြုနေသည့် ရဲစခန်းအတွင်းမှလည်း ဘိန်းမဲအထုပ် ၁၈ ထုပ် (ခန်မှန်း ၁ ပိဿာထုပ်)၊ ဘိန်းဖြူ ဆပ်ပြာခွက် ၁၃၅၂ ခု၊ ဘိန်းဖြူ အထုပ်သေး ၁၂၈၅ ခု သိမ်းဆည်းရမိခဲ့သည်ဟု အမှတ် ၁စစ်ဒေသကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့အား ကသုံးလုံးခရိုင် အထူးစစ်ဆင်ရေးမှူး ကွပ်ကဲမှုဖြင့် ကသုံးလုံးခရိုင် အထူးစစ်ဆင်ရေးရုံးအဖွဲ့၊ ကောလင်းခရိုင် ကွပ်ကဲရေးရုံး၊ ကောလင်းခရိုင် တပ်ရင်း (၁၊ ၂၊ ၃၊ ၄)၊ အမှတ် (၁) စစ်ဒေသ တိုက်ခိုက်ရေးအဖွဲ့/ လက်နက်ကြီးအဖွဲ့၊ အထူးလှုပ်ရှား တပ်ရင်း (၁၊ ၂၊ ၄၊ ၈၊ ၁၀)၊ အမှတ် (၁၊ ၂) ရွှေဘိုခရိုင် ကွပ်ကဲရေးရုံးအဖွဲ့၊ တမူးခရိုင် တပ်ရင်း-၃၊ မော်လိုက်ခရိုင် တပ်ရင်း (၁၊ ၂၊ ၄)၊ ကလေးခရိုင် တပ်ရင်း-၁၄၊ ယင်းမာပင်ခရိုင် တပ်ရင်း-၁၄၊ ယင်းမာပင်ခရိုင် ထုတ်နုတ်တပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း-၇၊ စစ်ကိုင်းခရိုင် ထုတ်နုတ်တပ်ဖွဲ့၊ ကွန်မန်ဒိုတပ်ရင်း၊ ဗျူဟာ (၄၁၊ ၄၂၊ ၄၅၊ ၄၉၊ ၅၂၊ ၅၃) တပ်ရင်းများ၊ ပကဖ (စစ်ကိုင်းတိုင်း/ ကောလင်းခရိုင်/ ရွှေဘိုခရိုင်/ ပင်လည်ဘူးမြို့နယ်/ ကောလင်းမြို့နယ်/ ဝန်းသိုမြို့နယ် ပကဖ)၊ ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားအဖွဲ့၊ ပလဖ (ကောလင်းခရိုင်/ ပင်လည်ဘူးမြို့နယ်/ ကောလင်းမြို့နယ်/ ဝန်းသိုမြို့နယ်)၊ ဒရုန်းအဖွဲ့များ (အမှတ် (၁) စစ်ဒေသ/ စစ်ကိုင်းတိုင်း PDF တာဝန်ခံရုံး/ ရွှေဘိုခရိုင် ပကဖ/ ပင်လည်ဘူးမြို့နယ် ပကဖ/ ကောလင်းမြို့နယ် ပကဖ/ ဝန်းသိုမြို့နယ် ပကဖ) ပူးပေါင်းအဖွဲ့တို့မှ တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက Y-8၊ Y12၊ Yak-130၊ MiG-29၊ FTC-2000G၊ K-8W၊ Mi-2၊ Mi 17၊ MI 35၊ ကင်းထောက်လေယာဉ်တို့ဖြင့် အကြိမ်ရေ ၆၇၀ ကျော်တွင် ဗုံးသီး အလုံးရေ ၅၀၀၀ ကျော်ကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီထံမှ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ ၄၀၀ ကျော်၊ ခဲယမ်းမီးကျောက် အမြောက်အများ၊ ကျောက်စိမ်းတုံးနှင့် လက်ကောက်ဆိုဒ်စုံ ၂၃၄ ခု၊ Starlink အစုံ တစ်ခု (ဗန်းကွဲ)၊ အထိုင် Jammer ငါး ခု၊ Jammer Battery ငါး ခု၊ Jammer Battery အားသွင်းခုံ အစုံ လေး ခု၊ ကျောလွယ် Drone Shooter Gun (၄) စုံ၊ Drone Shooter Gun Tablet တစ် ခု၊ Drone အသေး တစ် ခု၊ ဆက်သွယ်ရေးစက် အစုံ ရှစ် ခု၊ ဆက်သွယ်ရေးစက် Power Supply လက်လှည့် ကိုး ခု၊ လက်ဗွေစစ်သေတ္တာပုံး တစ် ခု တို့ကို သိမ်းဆည်းရမိ‌ကြောင်း သိရသည်။

ယခု ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲသည် ငါးကြိမ်မြောက် မြို့သိမ်းတိုက်ပွဲဖြစ်ပြီး တိုက်ပွဲများအတွင်း အသက်စွန့် ကျဆုံးခဲ့ရသော ရဲဘော်များအား လေးစားဂုဏ်ပြုအပ်သည့်အပြင် ကိုယ်ခန္ဓာအစိတ်အပိုင်း ဆုံးရှုံးခဲ့ရသော ရဲဘော်များကိုလည်း လေးစားဂုဏ်ပြုအပ်ပါသည်ဟု အမှတ်(၁) စစ်ဒေသက ထုတ်ပြန်သည်။

ဓာတ်ပုံ-အမှတ်(၁) စစ်ဒေသက
#ပင်လည်ဘူး #မြို့သိမ်းတိုက်ပွဲ #စစ်ကောင်စီ #အင်အားအလုံးအရင်းသုံး #သေဆုံးပျောက်ဆုံး #များပြား #Ayeyarwaddy_Times