
ဧရာဝတီတိုင်းမ်
(မတူပီ)၊ အောက်တိုဘာ ၁၁ ရက်
ချင်းပြည်နယ်၊ မတူပီမြို့ကို အာရက္ခတပ်တော်(AA)၊ CDF-မတူပီ၊ တပ်မဟာ ၁ နှင့် မဟာမိတ်တပ်ဖွဲ့များ က ပြီးခဲ့သည့် ဇူလိုင်လတွင် သိမ်းပိုက်ခဲ့ပြီးနောက် ဒေသခံများအနေဖြင့် နေရပ်ပြန်လာကြရန် ဖိတ်ခေါ်ထားသော်လည်း ဒေသခံအများစုက မပြန်ရဲကြောင်းသိရသည်။
မတူပီမြို့သိမ်းတိုက်ပွဲတွင် အာရက္ခတပ်တော်(AA)ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့များနှင့် ချင်းလဲန် အစိုးရလက်အောက်ခံကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ နှစ်ဖက် ပြေလည်မှုမရှိသေးသောကြောင့် ဒေသခံများမပြန်ရဲကြခြင်းဖြစ်ကြောင်းသိရသည်။
“နှစ်ဖက်က ပြေလည်မှုမှ မရှိသေးတာ။ အချိန်မရွေးတိုက်ပွဲထပ်ဖြစ်နိုင်တဲ့အတွက် အိမ်မပြန်ရဲသေးဘူး။ တိုက်ပွဲထပ်ဖြစ်ရင် ထပ်မံစစ်ရှောင်ရအုံးမယ်။ ဒါကြောင့် မပြန်ရဲသေးဘူး” ဟု မတူပီမြို့၊ ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
မတူပီမြို့တွင် ပြည်သူစုစုပေါင်း တစ်သောင်း (၁၀၀၀၀) ကျော်နေထိုင်လျှက်ရှိရာ လက်ရှိ မတူပီမြို့ပေါ်တွင် ဒေသခံစုစု ပေါင်း ၅၀၀ ခန့်ပြန်လည် ဝင်ရောက်နေထိုင်ကြပြီဖြစ်ကြောင်း မြို့ပေါ်နေ ပြည်သူများထံက သိရသည်။
မတူပီမြို့နယ်ရှိ ဒေသခံပြည်သူများသည် အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်ပြည်နယ်နှင့် မတူပီမြို့နယ်ရှိ နီးစပ်ရာ မြို့၊ ကျေးရွာများတွင် ထွက်ပြေးတိမ်းရှောင်နေကြရသည်။
“မြို့သိမ်းတာ လေးလလည်း ကျော်ပြီဆိုတော့ နေရပ်အရမ်းပြန်ချင်လှပြီ။ တော်လှန်ရေးသမား အချင်းချင်းနှစ်ဦးနှစ်ဖက်သေချာညှိနှိုင်းပေးကြဖို့ ပြောလိုပါတယ်။ သူများနိုင်ငံ၊ သူများဒေသမှာ စစ်ရှောင်နေကြတဲ့ သက်ကြီး၊ ရွယ်အိုတွေနဲ့ ပြည်သူတွေ အခက်အခဲပေါင်းစုံ ရင်ဆိုင်ကြုံတွေ့ နေကြရတယ်။ ပြည်သူတွေရဲ့ ဆန္ဒကို အလေးအနက်ထားပြီး အမြန်ဆုံးပြန်လည်ပြေလည်ကြဖို့ မျှော်လင့် ပါတယ်” ဟု မီဇိုးရမ်ပြည်နယ်တွင် စစ်ရှောင်နေသည့် မတူပီမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
မီဇိုးရမ်ပြည်နယ်ရောက် ချင်းပြည်သူများသည် အာရက္ခတပ်တော် (AA)အနေဖြင့် ချင်းပြည်နယ်မှနေ၍ မိမိဒေသသို့ အမြန်ဆုံးပြန်ရန်၊ ချင်းလဲန်အစိုးရလက်အောက်ခံကာကွယ်ရေးတပ်နှင့် ချင်းညီနောင် အကြား အမြန်ဆုံးပြန်လည်ညှိနှိုင်းပြေလည်ကြရန် ပြီးခဲ့သည့် ဩဂုတ် ၁၀ ရက်နေ့က ဆန္ဒဖော် ထုတ်ခဲ့ကြောင်းသိရသည်။
ထို့အပြင် Zo Reunification Organization(ZORO) ဦးဆောင်မှုဖြင့် မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့တွင် ချင်းပြည်အစိုးရအဖွဲ့၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC/ချင်းညီနောင် CB အဖွဲ့တို့သည် ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ ရက်နေ့က တွေ့ ဆုံဆွေးနွေးခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်ဖက်အဖွဲ့အစည်းများအကြား သဘောထားကွဲလွဲမှုရှိလာခဲ့ပါက လက်နက်ဖြင့် ဖြေရှင်းသည့် နည်းလမ်းကို အသုံးမပြုကြရန်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်လာစေရေးအတွက် နှစ်ဖက်အဖွဲ့ အစည်းမှတာဝန်ရှိသူများသည် လိုအပ်သလို ထပ်မံတွေ့ဆုံမှုများပြုသွားရန်နှင့် အချက် ငါးချက် ကို ကနဦးသဘောတူညီမှုရရှိကြသည်ဟု ZORO ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပုံစာ-မီဇိုးရမ်ပြည်နယ်ံတွင် ချင်းပြည်သူများဆန္ဒဖော်ထုတ်နေစဉ်။
#မတူပီမြို့ #ပြန်လာရန် #CDFမတူပီ #တပ်မဟာ၁ #ဖိတ်ခေါ် #ဒေသခံအများစု #နေရပ်မပြန်ရဲ #Ayeyarwaddy_Times