
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၁ ရက်
ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့တွင် ရခိုင်ပြည်နယ်မှစစ်ဘေးရှောင်လာသူ အမျိုးသားသုံးဦးကို စစ်ကောင်စီတပ်များမှ ဖမ်းဆီးသွားကြောင်း သိရှိရသည်။
အောက်တိုဘာ ၅ ရက်နေ့ညပိုင်းတွင်ငါးသိုင်းချောင်းမြို့ပေါ် ရှိ ရခိုင်စစ်ဘေးရှောင် လာသူ ဦးသာမူးနှင့်သားဖြစ်သူကို စရဖ အဖွဲ့က၀င်ရောက်ဖမ်းဆီးခဲ့ပြီးအေက်တိုဘာ ၉ ရက်နေ့ညနေပိုင်းတွင် အသက်၄၀အရွယ်စစ်ဘေးရှောင် အမျိုးသားတစ်ဦးကို ရေနံသာဂိတ်အနီးတွင် ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှသိရှိရသည်။
“AAနဲ့ပါတ်သတ်မှုရှိတယ်ဆိုပြီး ဖမ်းတာလို့သိရတယ်။ သူတို့က သာမန်စစ်ဘေးရှောင်တွေပါပဲ။ ရခိုင်ပြည်ဘက်ကလာတဲ့သူတွေဆိုရင် သူတို့မသင်္ကာတာနဲ့ ဖမ်းနေကြတာ၊ ခုထိတော့ပြန်မလွတ်သေးပါဘူး ” ဟု ဖမ်းဆီးခံရသူ၏ မိသားစုနှင့် နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ဧရာ၀တီတိုင်းရှိ စစ်ကောင်စီတပ်များအနေဖြင့် ရခိုင်တပ်တော်AAနှင့် တော်လှန်ရေးတပ်ဖွဲ့များ ရောက်ရှိနေသည်ဟု သတင်းများထွက်ပေါ်နေသည့်အတွက် ကြောက်လန့်နေကြပြီး စစ်ဆေးရေးဂိတ်များတွင် စိတ်ထင်သလိုဖမ်းဆီးမှုများ ပိုမိုပြုလုပ်လာကြောင်း ဒေသခံများမှပြောသည်။
ရခိုင့်တပ်တော်AA၏ တိုက်ခိုက်သိမ်းပိုက်မှုကြောင့် သံတွဲနှင့် ဂွ မြို့များမှ စစ်ဘေးရှောင်များ ဧရာ၀တီတိုင်းအတွင်းသို့တိမ်းရှောင်မှုများလာပြီး မြို့အ၀င်ဂိတ်များနှင့် မြို့များတွင် စစ်ကောင်စီတပ်နှင့် အုပ်ချုပ်ရေးအဖွဲ့များမှ ဖမ်းဆီးငွေညှစ်ခြင်း၊ ဧည့်စာရင်းစစ်ကာငွေတောင်းခြင်းများ ကြုံတွေနေရကြောင်း သိရှိရသည်။
#ငါးသိုင်းချောင်းမြို့ #ရခိုင်စစ်ဘေးရှောင် #အမျိုးသား၃ ဦး #ဖမ်းဆီးခံရ #Ayeyarwaddy_Times