
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၁ရက်
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ အမှတ် (၂) ရပ်ကွက်၊ ရွာသစ်မှ ဝါးခုတ်ရန်သွားရင်း ပျောက်ဆုံးနေသည့် အရပ်သား ပြည်သူနှစ်ဦးကို ARSA မူဆလင်အကြမ်းဖက်လက်နက်ကိုင် တပ်ဖွဲ့ဝင်များမှ ခေါင်းဖြတ် သတ်ဖြတ်ကာ မြေမြှုပ်ထားခဲ့သောရုပ်အလောင်းများအား ရက္ခိုင်တပ်တော် (AA) က ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့ အောက်တိုဘာ ၁၀ ရက်၊ နံနက် ၇နာရီ ၄၀မိနစ်က ဘူးသီးတောင်မြို့နယ်၊ ဂုံးနား (မူဆလင်) ရွာရှိ “ဖာရုပ်” ၏ နေအိမ်ခြံဝင်းအတွင်း ဦးခေါင်းကိုဖြတ်၍ မြေမြှုပ်ထားခဲ့သည့် ရုပ်အလောင်းနှစ်ခုကို တွေ့ရှိခဲ့ရကြောင်း AAက ထုတ်ပြန်သည်။
အိမ်ဆောက်လုပ်ရန်အတွက် ပြီးခဲ့သည့် အောက်တိုဘာ ၇ရက်နေ့၊ နံနက် ၈နာရီခန့်က ဘူးသီး တောင်မြို့နယ် ဂုံးနားကျေးရွာဘက်သို့ ဝါးခုတ်ရန် ထွက်သွားခဲ့ကြသော အမှတ် (၂) ရပ်ကွက်၊ ရွာသစ်တွင်နေထိုင်သည့် ဦးစံရွှေမောင် (၆၇) နှစ် နှင့် ဦးမောင်မြအောင် အသက် (၆၅) နှစ် တို့ နှစ်ဦး၏ ရုပ်အလောင်းအား AA က ရှာဖွေတွေ့ရှိခဲ့သည်။
အဆိုပါရုပ်အလောင်းနှစ်လောင်းကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ DLEPS ၏ အာရက္ခပြည်သူ့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာဝန်ထမ်းများ နှင့် မှုခင်းဆိုင်ရာ ဆေးဘက်ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက်တူးဖော်ပြီး လိုအပ်သော စစ်ဆေးမှုများကိုပြုလုပ်ခဲ့ေကြာင်း သိရသည်။
ထို့နောက် အသက်ဆုံးပါးသွားခဲ့ရသောသူနှစ်ဦး၏ မိသားစုဝင်များကို အကြောင်းကြားပြီး အလောင်း တွေ့ရှိခဲ့ သောနေရာအနီး၌ပင် ကောင်းမွန်စွာ ပြန်လည်မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့ပါသည်ဟု AAက ဆိုသည်။
အာရက္ခတပ်တော် (AA) အနေဖြင့်လည်း ဤအပြစ်မဲ့ရွာသားနှစ်ဦးအား သတ်ဖြတ်သွားခဲ့သော ARSA မူဆလင်အကြမ်းဖက် လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို လိုက်လံရှာဖွေလျက်ရှိကြောင်း AAက ထုတ်ပြန်ထားသည်။
#ဘူးသီးတောင် #ဒေသခံနှစ်ဦး #ARSA #ဖမ်းဆီးသတ်ဖြတ် #ရုပ်အလောင်း #ရှာဖွေတွေ့ရှိ #Ayeyarwaddy_Times