ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၁ ရက်

မြန်မာနိုင်ငံတွင် တရားမဝင် ကုန်သွယ်မှုများကို ထိရောက်စွာ တားဆီးစစ်ဆေး ဖမ်းဆီးနိုင်ရန် လိုအပ်ပြီး မဆောင်ရွက်နိုင်ပါက နိုင်ငံအတွက် အခွန်ဝင်ငွေ မရရှိဘဲ လက်နက်ကိုင်အဖွဲ့အစည်းများ သက်ဆိုးရှည်စေမည်ဟု အာဏာသိမ်း ဒုစစ်ခေါင်းဆောင်က ပြောသည်။

ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် နေပြည်တော်၌ အောက်တိုဘာ ၉ ရက်က ပြုလုပ်သော တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ထိုသို့ ညွှန်ကြားခဲ့ကြောင်း ၎င်းတို့ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် ၎င်းတို့အနေဖြင့် သွင်းကုန်ပစ္စည်း တင်သွင်းမှုကို စိစစ်ကန့်သတ်မှုအပေါ်တွင် အခွင့်ကောင်းယူပြီး ပြည်တွင်းလိုအပ်ချက်ရှိသည့် ကုန်စည်များအား တရားမဝင် တင်သွင်းမှုများ ပြုလုပ်နေသည်ကို ယခုကာလအတွင်း အများဆုံး တွေ့ရှိရ၍ အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် တိုက်ဖျက်တားဆီးရန် လိုကြောင်း ပြောဆိုသည်။

ယင်းအပြင် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးတွင် တာဝန်ကျ ဝန်ထမ်းများနှင့် တာဝန်ခံအရာရှိများအနေဖြင့် နိုင်ငံအတွက် ရိုးသားရန် လိုအပ်သည်ဟု ပြောဆိုကာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီမှ ယခုနှစ် ဩဂုတ်အထိ ခန့်မှန်းတန်ဖိုး ကျပ် ၃၀၀ ဒသမ ၀၂၈ ဘီလီယံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယခုနှစ် ဇူလိုင်နှင့် ဩဂုတ်အတွင်း ဖမ်းဆီးရရှိမှုအနေဖြင့် မန္တလေး၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်တို့တွင် အများဆုံး တွေ့ရှိရပြီး လိုင်စင်မဲ့ယာဉ်များ၊ တရားမဝင် ကုန်စည်တင်ယာဉ်များ၊ လုပ်ငန်းသုံး ကုန်ကြမ်းများနှင့် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများအား အများဆုံး ဖမ်းဆီးရရှိခဲ့ကြောင်း ဒုစစ်ခေါင်းဆောင်၏ ပြောဆိုချက်အရ သိရသည်။

ထိုသို့ တရားမဝင် ကုန်သွယ်မှုများ ဖြစ်ပေါ်ရခြင်းနှင့် ပတ်သက်၍ အကြောင်းရင်းများစွာရှိသည့်အနက် အဓိကစိန်ခေါ်မှု ပြဿနာမှာ နိုင်ငံ၏နယ်စပ်ဒေသ အချို့နေရာများတွင် လုံခြုံရေးအရ စောင့်ကြည့်ထိန်းသိမ်းရန် ကန့်သတ်ချက်များရှိနေခြင်း၊ အချို့ဥပဒေရေးရာများတွင် အားနည်းမှုရှိကြောင်း ဒုစစ်ခေါင်းဆောင်က ထုတ်ဖော်ပြောဆိုသည်။

ယင်းအပြင် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရသည့် ဝန်ထမ်းအင်အား မလုံလောက်ခြင်းနှင့် အကျင့်ပျက်မှုများ ရှိနေခြင်းကလည်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရာတွင် စိန်ခေါ်မှုများအဖြစ် တွေ့ရှိရသဖြင့် အဆိုပါ အချက်များကို အတတ်နိုင်ဆုံး ကာကွယ်တားဆီးရန် လိုအပ်ကြောင်း ဒုစစ်ခေါင်းဆောင်က ပြောသည်။

ဓာတ်ပုံ – စစ်ကောင်စီ

#တရားမဝင်ကုန်သွယ်မှု #မဖမ်းဆီးနိုင်ပါက #လက်နက်ကိုင်အဖွဲ့များ #သက်ဆိုးရှည် #ဒုစစ်ခေါင်းဆောင်
#Ayeyarwaddy_Times