(ကန်ပက်လက်)၊ ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၁ ရက်
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ရှိ စစ်ကောင်စီ တပ်စခန်းများတွင် လက်နက်ခဲယမ်းနှင့် ရိက္ခာများ ယူဆရသည့် အထုတ်ပိုးများကို လေကြောင့်ဖြင့် ဖြည့်တင်းနေကြောင်း ဒေသခံများထံက သိရှိရသည်။
ကန်ပက်လက်မြို့တွင် စစ်ကောင်စီက ၎င်းတို့၏ တပ်စခန်းများတွင် ယမန်နေ့ အောက်တိုဘာ ၁၀ ရက် နေ့လည် ၁၂ ဝန်းကျင်က Y- 12 လေယာဥ် အမျိုးအစားဖြင့် နှစ်ကြိမ်ထက်မနည်း လက်နက်ခဲယမ်းနှင့် ရိက္ခာများဟုယူဆရသည့် အထုတ်ပိုးများ ချပေးနေကြောင်း သိရှိရသည်။
“ဘာအထုပ်တွေလည်းတော့ မသိဘူး။ လေယာဥ်နဲ့ နှစ်ကြိမ်လောက် ချပေးနေတာတွေ့တယ်။ လက်နက်ခဲယမ်းဖြစ်ဖို့များတယ်။ ရိက္ခာတွေက ကန်ပက်လက်မှာလည်း ဝယ်လို့ရတယ်။ ဒါပေမဲ့ မပြောတက်ဘူး။ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေလည်းဖြစ်နိုင်တယ်” ဟု ကန်ပက်လက်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကန်ပက်လက်မြို့နှင့် ဆက်သွယ်ထားသည့် မြေပြင်လမ်းကြောင်းများကို ချင်းကာကွယ်ရေးတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ထိန်းချုပ်ထားသည့်အတွက် စစ်ကောင်စီက ယခုကဲ့သို့ လေကြောင်းမှ လက်နက်ခဲယမ်းနှင့် ရိက္ခာများကို ဖြည့်တင်းနေခြင်းဖြစ်သည်ဟု အဆိုပါကန်ပက်လက်ဒေသခံက ပြောသည်။
ကန်ပက်လက်မြို့ရှိ မြို့မရဲစခန်းအပါဝင် စစ်ရေးအရ အချက်ချာကျသည့် နေရာများနှင့် အစိုးရအဆောက်အဦးတို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေရာယူတပ်စွဲထားပြီး အင်အား ၂၀၀ ကျော်ခန့်ရှိကြောင်း သိရှိရသည်။
ထို့အပြင် ကန်ပက်လက်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည်မှာ ခြောက်လခန်ရှိပြီဖြစ်သော်လည်း စစ်ကောင်စီက ဒေသခံပြည်သူများကို မြို့အဝင်/အထွက် စစ်ဆေးတင်းကျပ်နေဆဲကြောင့် သိရှိရသည်။
ကန်ပက်လက်မြို့နယ်ရှိ ကျင်ဒွေးမြို့ကို ယခုနှစ် ဧပြီလ ၂၉ ရက်နေ့က ချင်းညီနောင်အဖွဲ့နှင့် အာရက္ခတပ်တော်(AA)အပါဝင် တော်လှန်ရေး မဟာမိတ်ပူးပေါင်းအဖွဲ့တို့က သိမ်းပိုက်ရရှိထားသည်။
#ကန်ပက်လက်မြို့ #စစ်ကောင်စီ #လက်နက်ခဲယမ်းများ #ရိက္ခာများ #အထုပ်ပိုးများချပေး #Ayeyarwaddy_Times