
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၁ ရက်
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်အတွင်းရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များတွင် ခရီးသွားလူငယ်များအား စစ်ဆေးရေးတင်းကြပ်နေကြောင်း ဒေသခံများထံကသိရသည်။
ညောင်တုန်းမြို့နယ် မြို့အထွက်စစ်ဆေးရေးဂိတ်ဖြစ်သည့် ရေနံမြေလမ်းဆုံ၊ ဆားမလောက်လမ်းဆုံနှင့် ပန်းတိုင်စစ်ဆေးရေးဂိတ်တို့တွင် ပြီးခဲ့သည့်အောက်တိုဘာပထမအပတ်ကစ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များအပြင် လဝကဝန်ထမ်းများနှင့်ပျူစောထီး(ပြည်သူ့စစ်)အဖွဲ့ဝင်များကို အင်အားတိုးမြှင့်ချထားကာ ရှာဖွေစစ်ဆေးရေးမှုများ ပြုလုပ်နေကြောင်း ခရီးသွားပြည်သူများနှင့် ခရီးသည်တင်ယာဉ်လိုင်းများထံက သိရသည်။
“ စစ်တာအရင်ထက်ပိုကြပ်လာတယ်။ ညောင်တုန်းကိုအပြန်ဆိုတာတောင်မရဘူး။ ကားပေါ်တက်စစ်တာ။ပန်တိုင်ကတော့စစ်ဆေးတာအကြပ်ဆုံးပဲ။ ဆားမလောက်လမ်းဆုံဘက်လည်းမရတော့ဘူး။ ယာဉ်ပေါ်ပါသူတွေကိုတစ်ယောက်ချင်းသေချာလိုက်စစ်နေတာ။ အရင်လိုငွေပေးလို့လည်းမရတော့တဲ့အခြေအနေဖြစ်လာတယ်”ဟု ရန်ကုန်-ညောင်တုန်း ပြေးဆွဲနေသည့်ခရီးသည်ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်
ထိုသို့စစ်ဆေးမှုအတွင်း လူငယ်အမျိုးသားများကိုမှတ်ပုံတင်တိုက်ဆိုင်စစ်ဆေးမှုမှာ အများဆုံးဖြစ်ပြီး မသင်္ကာသည့်လူငယ်အမျိုးသားများကို စစ်ကောင်စီတပ်ဖွဲ့မှ စစ်ဆေးရေးဂိတ်အတွင်းခေါ်ယူကာ ထပ်မံစစ်ဆေးမှုများပြုလုပ်၍ ငွေတောင်းခံမှုများပြုလုပ်နေကြောင်း သိရသည်။
“ ရန်ကုန်ကို ကိုရီးယားဘာသာစကားသင်တန်းတက်ပြီးညောင်တုန်းပြန်လာတာမရဘူး။ မှတ်ပုံတင်တောင်းပြီး စစ်ဆေးရေးဂိတ်ထဲခေါ်စစ်ခံရတယ်။ ဒီနေပြန်လွှတ်ချင်ရင် သူတို့ကို ငါးသိန်းပေးရင်ပြန်လွှတ်မယ်ပေါ့။ Kpay အကောင့်ထဲက ခုနှစ်သိန်းရှိတာ အကုန်လွှဲပေးလိုက်မှပဲ ပြန်လွှတ်ပေးလိုက်တယ်။ အရင်ထက်ပိုပြီးစစ်ဆေးရေးပိုကြပ်လာတယ်”ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ညောင်တုန်းမြို့ခံလူငယ်အမျိုးသားတစ်ဦးက ဆိုသည်။
အလားတူ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်း ထိစပ်နေသည့် မလတ်တိုစစ်ဆေးရေးဂိတ်တွင်လည်း ယာဉ်မောင်းများနှင့် လူငယ်အမျိုးသားများကို စစ်ဆေးရေးတင်းကြပ်ထားကြောင်းဒေသခံများထံက သိရသည်။
ဓာတ်ပုံ-MOI
ပုံစာ- ပန်းတိုင်စစ်ဆေးရေးဂိတ်နေရာတွင် ၂၀၂၃ခုနှစ်ဇူလိုင်လအတွင်း၌စစ်ကောင်စီတပ်ဖွဲ့မှစစ်ဆေးမှုပြုလုပ်နေသည်ကိုတွေ့ရစဉ်(ပုံအဟောင်း)။
#ညောင်တုန်းမြို့ #စစ်ဆေးရေးဂိတ်များ #လူငယ်အမျိုးသားများ #စစ်ဆေးရေးပိုမိုတင်းကြပ် #Ayeyarwaddy_Times