ဧရာဝတီတိုင်းမ်
(မတူပီ)၊ အောက်တိုဘာ ၁၀ ရက်

ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် CDF-မတူပီ၊ တပ်မဟာ ၁ နှင့် တပ်မဟာ ၂ တို့က လုံခြုံရေးအခြေအနေကို အကြောင်းပြ၍ လမ်းများပိတ်ပင်မှုကြောင့် ဒေသခံများလွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့်မရကြကြောင်း သိရသည်။

မတူပီမြို့သိမ်းတိုက်ပွဲတွင် အာရက္ခတပ်တော်(AA)၊ CDF-မတူပီ၊ တပ်မဟာ ၁ ၊ မဟာမိတ်တပ်ဖွဲ့နှင့် ချင်းလဲန်းအစိုးရကာကွယ်ရေးလက်အောက်ခံတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် ပြည်သူများအဓိကအသုံးပြုနေကြသော လမ်းမများကို ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

“တပ်မဟာ ၂ နယ်မြေမှာတော့ လွတ်လွတ်လပ်လပ်ဖြတ်သန်းသွားလာလို့ ရပါတယ်။ ဒါပေမယ့် ညနေ ၅ နာရီနောက်ပိုင်းဆိုရင်တော့ ဖြတ်သန်းသွားလာခွင့်ပိတ်ထားတယ်ပေါ့နော်။ ပြည်သူတော်တော်များများကလည်း တပ်မဟာ ၂ လမ်းပိုင်းကိုပဲ အဓိကအသုံးပြုကြပါတယ်” ဟု မတူပီမြို့နယ်၊ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

မတူပီမြို့နယ်၊ တပ်မဟာ ၁ က ထိန်းချုပ်ထားသော နယ်မြေများတွင် ဒေသခံများဖြတ်သန်းသွားလာရာတွင် အလွန်တင်းကြပ်မှုကြောင့် ဒေသခံများအခက်အခဲကြုံနေကြပြီး အရေးပေါ်ဆေးကုသရန် လိုအပ်သည့် ကလေးငယ်တဦးလည်း သေဆုံးသွားကြောင်းသိရသည်။

“တပ်မဟာ ၁ နယ်မြေမှာတော့ ဖြတ်သန်းသွားလာခွင့်ကို တင်းကြပ်ထားတယ်။ တစ်ခါတလေဆို ဖြတ်သန်းသွားလာခွင့်လည်းမပေးဘူး။ မြို့ထဲဝင်ဖို့ ခွင့်တောင်းတဲ့အခါ မြို့ထဲမှာ အနည်းဆုံး တစ်လကြာနေမှ ဝင်ခွင့်ပြုမယ်လို့ ပြောတယ်။ ကျနော်တို့က ရွာမှာ မိသားစုနဲ့ဆိုတော့ မြို့ပေါ်မှာ အကြာကြီးနေလို့ မရဘူးလေ” ဟု မတူပီမြို့နယ်၊ ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

အလားတူ CDF-မတူပီ၊ တပ်မဟာ ၁ နှင့် တပ်မဟာ ၂ တို့ နှစ်ဦးနှစ်ဖက်ပြန်လည်ပြေလည်ရန်အတွက် မတူပီမြို့သို့ သွားကြသော သင်းအုပ်ဆရာများ(ပါစတာ)ကို မတူပီမြို့နယ်၊ မရာနယ်၊ စင်တီယာ(၉ မိုင်)အရောက်တွင် AAနှင့် မရာကာကွယ်ရေးတပ်ဖွဲ့(MDF)တို့က ဖြတ်သန်းခွင့်မပြုသည့်အတွက် ပြန်လှည့်လာကာ တပ်မဟာ ၂ ထိန်းချုပ်ထားသော နယ်မြေဘက်မှ ပြန်လည်ထွက်ခွာကြကြောင်းသိရသည်။

ဓာတ်ပုံ-မတူပီမြို့
#မတူပီမြို့နယ် #ဒေသခံများလွတ်လပ်စွာသွားလာခွင့်မရ #ဒေသခံများအခက်ကြုံ #Ayeyarwaddy_Times