
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၀ ရက်
နှစ်စဉ်ကင်ဆာဖြစ်ပွားမှုနှုန်းတိုးတက်လာနေသော မြန်မာနိုင်ငံတွင် ကင်ဆာကုသရေးဌာနတိုးချဲ့ ဖွင့်လှစ်နေပြီး ယခုနှစ်ကုန်တွင်တစ်ရက်လျှင် လူနာ ၂၀၀ ဦးကို ဓာတ်ရောင်ခြည် ကုသပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဖွင့်လှစ်မည့် အမျိုးသားကင်ဆာရောဂါကုသရေးဌာနကို လာမည့် အောက်တိုဘာ တတိယပတ်တွင် စတင်ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီး ဌာနထံက သိရသည်။
“အခုနှစ်တွေမှာ မိန်းကလေးတွေရင်သားကင်ဆာအဖြစ်များတယ်။ တစ်အားကိုဖြစ်နေတာ။ ဆေးရုံ ခွဲစိတ် ဆောင်သွားလိုက်ရင် ရင်သားခွဲထားတဲ့မိန်းကလေးတွေအများကြီးပဲ။ ကင်ဆာအဆင့်များ ရင်တော့ ရင်သားခွဲထုတ်လိုက်ပြီးတော့ ဓာတ်ကင်ရတယ်။ စောစောသိရင်ဓာတ်ကင်တာက နေစတာ ပေါ့။ရင်သားကင်ဆာကစိုးရိမ်ရတယ်။ ကုသနေရင်း ကင်ဆာဆဲလ်တွေပျံသွားရင်တော့ အသက်ဆုံးရှုံးတဲ့ အထိဖြစ်နိုင်တယ်” ဟု ကျန်းမာရေးမှူး အမျိုးသားတစ်ဦးက ဧရာ၀တီတိုင်မ်းကို ပြောသည်။
လက်ရှိတွင် ဓာတ်ရောင်ခြည်ကုသစက်သစ် ( Linear Accelerator) နှင့်အတူ တွဲဖက်အသုံးပြုရမည့် ဓာတ်ရောင်ခြည်ဖြင့် ကုသမှုအထောက်အကူပြုစက် (CT Simulator) တပ်ဆင်နေကာ လူနာသစ်များကို ကုသမှုပေးနိုင်ရန်စီစဉ်နေပြီး တစ်ရက်လျှင် ကင်ဆာလူနာ ၅၀ ဦးမှ ၁၀၀ ဦး အထိ ကုသမှု ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင်ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသစက်သစ် ၂ လုံးအား ထပ်မံတပ်ဆင်ပြီးပါက ယခုနှစ် ဒီဇင်ဘာလမှစတင်ကာ တစ်ရက်လျှင် စုစုပေါင်း လူနာ၂၀၀ ဦးအထိ ဓာတ်ရောင်ခြည်ဖြင့် ကုသပေးနိုင် မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက ဆိုထားသည်။
မြန်မာနိုင်ငံတွင် ပြောင်းလဲလာသည့်လူနေမှုပုံစံများ၊ အစားအသောက်များကြောင့် ကင်ဆာရောဂါ ဖြစ်ပွားမှု တိုးလာပြီး ကျန်းမာရေးနှင့်မညီညွတ်သည့် ပြုပြင်ထားသည့် အသားလုံးများကိုစားသုံးခြင်း၊ ကြာရှည်ခံစားသောက်ကုန်များစားသုံးခြင်းကြောင့် ကင်ဆာရောဂါဖြစ်စေနိုင်ကြောင်း ကျန်းမာရေးမှူးက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်ငါးနှစ်အတွင်း ကင်ဆာရောဂါပျံ့နှံ့လာရာတွင် ကင်ဆာရောဂါဖြစ်ပွားသူ တစ်သိန်းခွဲ (၁၅၀၀၀၀) နီးပါးရှိသော်လည်း ယခုနှစ်ပိုင်းတွင် ကင်ဆာရောဂါဖြစ်ပွားသူ နှစ်စဉ် လူနာ ရှစ်သောင်း (၈၀၀၀၀) နီးပါးမြင့်တက်လာကာ ကင်ဆာကြောင့် သေဆုံးသူ ငါးသောင်း(၅၀၀၀၀)ကျော်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization- WHO) ၏ ၂၀၂၂ ခုနှစ်စာရင်းများအရသိရသည်။
ထို့ပြင် ကလေးကင်ဆာဖြစ်ပွားမှုနှုန်းတိုးလာပြီး လူကီးမီးယား (ခေါ်) သွေးဖြူဥကင်ဆာ၊ ဦးနှောက် ကင်ဆာ၊ အာရုံကြောကင်ဆာ၊ သားနံရည်တစ်သျှူးကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ အရိုးကင်ဆာ၊ မျက်စိကင်ဆာ၊ အသည်းကင်ဆာ၊ မျိုးဆက်ပွားအင်္ဂါကင်ဆာတို့ အများဆုံးဖြစ်ပွားကြောင်း WHO ထံက သိရသည်။
ကင်ဆာရောဂါဖြစ်ပွားသူများ၌ အမျိုးသားများတွင် အဆုတ်ကင်ဆာ အသည်းကင်ဆာနှင့် အစာအိမ်ကင်ဆာအဖြစ်များပြီး အမျိုးသမီးများတွင် ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာနှင့် အဆုတ်ကင်ဆာအဖြစ်များကြောင်း WHO က ဆိုထားသည်။
မြန်မာနိုင်ငံတွင်ကင်ဆာရောဂါကုသရာတွင် ရန်ကုန်ဆေးရုံကြီး၊ ရန်ကင်းမိုးကောင်းဆေးရုံ၊ မန္တလေး ဆေးရုံကြီးနှင့် စပ်စံထွန်းဆေးရုံ (တောင်ကြီး)အပါအဝင် ပုဂ္ဂလိကဆေးရုံများတွင် ပင်လုံဆေးရုံ၊ နိုင်ငံတကာဆေးရုံအာယု၊ ဂရန်းဟံသာဆေးရုံတို့တွင် ဓာတ်ရောင်ခြည်ကုထုံးဖြင့် ကုသနိုင်ကြောင်း သိရသည်။
ဓာတ်ပုံ – Grand Hantha ဆေးရုံ
#ကင်ဆာဖြစ်ပွားမှုတိုး #မြန်မာနိုင်ငံ #ကင်ဆာကုသရေးဌာန #တိုးချဲ့ #ရန်ကုန် #Ayeyarwaddy_Times