
ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ အောက်တိုဘာ ၁၀ ရက်
တိုက်ပွဲများဖြစ်ပွားကာ နယ်မြေတည်ငြိမ်မှုမရှိ သည့် ကရင်နီပြည်နယ်ရှိ မြို့နယ် ငါး မြို့နယ်တွင် စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူမှုများ ပြုလုပ် နေကြောင်း ယမန်နေ့ အောက်တိုဘာ ၉ ရက်နေ့က ၎င်းတို့လက်ဝေခံ မီဒီယာများတွင် ပြောဆိုထားသည်။
ကရင်နီပြည်နယ်အတွင်းရှိ လွိုင်ကော်၊ ဒီးမာ့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ဖားဆာင်း စသည့် မြို့နယ် ငါးမြို့နယ်မှ ရပ်ကွက် ၃၆ ခု နှင့် ကျေးရွာ အုပ်စု ကိုးခု တွင် သန်းခေါင်စာရင်းကောက်ယူ နေပြီး ရေဘေးအန္တရာယ်ကြုံတွေ့ နေရသည့် လွိုင်ကော်မြို့တွင်လည်း နေ့စဉ်စာရင်း ကောက်ယူနေကြောင်း သိရသည်။
“သေချာတာကတော့ စစ်ကောင်စီက ကောက်မှာပဲ။မင်းအောင်လှိုင်ကတောင် လွိုင်ကော်ထိလာပြီးတော့ နယ်မြေ ပြန်လည်ရရှိရေးတို့ သန်းခေါင်စာရင်းတို့ ရွေးကောက်ပွဲကောက်တာတို့လုပ်ဖို့ လာပြောသွားတော့ သူတို့လုပ်မှာပါ။ ဒါပေမယ့် သူတို့လုပ်နိုင်တဲ့ အတိုင်းအတာက လွိုင်ကော်မြို့ပေါ်နဲနဲလေးနဲ့ ဘော်လခဲမြို့ပေါ်နဲနဲလေး လောက်ကလွဲရင် သူတို့လုပ်စရာ နေရာမရှိပါဘူး။ အဲ့ဒီနှစ်နေရာ လောက်က လူဦးရေထောင်ဂဏန်းလောက်ပဲပြီးသွားမှာပါ” ဟု IEC အတွင်းရေးမှူး-၂ ဗညားခွန် အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကရင်နီပြည်နယ်အတွင်း မြို့နယ် ခုနယ် မြို့နယ်ရှိသော်လည်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှာမြို့နယ်အများစု ၊ ဒေသအများစုကို ထိန်းချုပ်ထားနိုင်သည့်အတွက် စစ်ကောင်စီအနေဖြင့် ၎င်းတို့ထိန်းချုပ်ဧရိယာအတွင်းရှိ နေရာအနည်းငယ်တွင်သာ သန်းခေါင်စာရင်းကောက်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် စစ်ကောင်စီကသန်းခေါင်စာရင်းကောက်ယူမည်ဟု ပြောထားသည့် လွိုင်ကော်နှင့် ဒီးမာ့ဆို မြို့နယ်များရှိ နေရာအများစုမှာ ယခုအခါ ရေနစ်မြုပ်မှုများ ဆက်လက်ဖြစ်ပွားနေသေးပြီး ရေဘေးမတိုင်ခင်တွင်လည်း စစ်ကောင်စီတပ်များနှင့် ထိတွေ့မှုများ မကြာခဏဖြစ်ပွားနေသည့် မြို့နယ်များဖြစ်ကြောင်းလည်း သိရသည်။
ကရင်နီပြည်အတွင်း စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် ပါတ်သတ်ပြီး ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ် ကြောင်း ဒီးမော့ဆိုPDF ကထုတ်ပြန်ထားပြီး စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ခြင်း၊ နိုင်ငံရေးလမ်းကြောင်းဖြင့်သွားရန် ဖိတ်ခေါ်ခြင်းတို့ကို လက်မခံဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေး ကောင်စီ(IEC) ကလည်း ပြောဆိုထားသည်။
ဓာတ်ပုံ – စစ်ကောင်စီခန့်ကရင်နီဝန်ကြီးချုပ်
#ကရင်နီ #စစ်ကောင်စီ #သန်းခေါင်စာရင်းကောက် #လွိုင်ကော် #Ayeyarwaddy_Times