
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၀ ရက်
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ဈာပနကို လာရောက်ခဲ့ကြသူအချို့ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကိုခံရကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၈ ရက်နေ့က နံနက်ပိုင်းအချိန်တွင် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ဈာပနကို ဒေသခံပြည်သူသောင်းနှင့်ချီ ၍ လိုက်ပါပို့ဆောင်ခဲ့ကြခြင်းဖြစ်သည်။
ဒေါက်တာဇော်မြင့်မောင်၏ ဈာပနကို လာရောက်၍ ဂါဝရပြုနှုတ်ဆက်ကြသူအချို့ကို အောက်တိုဘာ ၉ ရက်နေ့တွင် စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
“အစ်မတို့ အမရပူရထဲက တယောက်အဖမ်းခံထိတယ်။ သူတို့(စကစ)က နာရေးပို့တဲ့လမ်းတလျှောက်မှာလည်း ကင်းပုန်းတွေရော၊ အရပ်ဝတ်တွေရော လုံခြုံရေးတွေယူပြီး အိမ်ကိုစောင့်ကြည့်နေတယ်”ဟု မန္တလေးမြို့နေ အမျိုးသမီးတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ချိန်တွင် မိသားစုမှာ အနားတွင်မရှိဘဲ စစ်ကောင်စီ၏ဖမ်းဆီးနှိပ်စက်ခြင်းကို ကာကွယ်နိုင်ရန် ဇနီးဖြစ်သူ ဒေါက်တာ ယုယုမေမှာ အိမ်နီးချင်းနိုင်ငံတစ်ခုတွင် တိမ်းရှောင်နေရပြီး သားသမီးများမှာလည်း ပြည်ပနိုင်ငံများ၌ သွား ရောက် ခိုလှုံနေရကြောင်း သိရသည်။
အနားတွင် မိသားစုမရှိဘဲ ကွယ်လွန်ခဲ့ရသည့် ဒေါက်တာဇော်မြင့်မောင်၏ ဈာပနကို မန္တလေးတိုင်းအတွင်းရှိ ဒေသခံသောင်းနှင့်ချီလိုက်ပါပို့ဆောင်ခဲ့ရာ စစ်ကောင်စီဘက်က ထင်မှတ်ထားခြင်းမရှိဘဲ လူဦးရေမှာ များပြားခဲ့ကာ ပို့ဆောင်သူများထဲမှ ဆိုင်ကယ်များကို ဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ်သည့်အပြင် ဒေါက်တာဇော်မြင့်မောင်အိမ်နှင့် သုဿာန်တို့ကို လိုက်ပို့သူများထဲမှ အချို့ကို ယမန်နေ့ညက ဖမ်းဆီးခေါ် ဆောင်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
“ဈာပနလိုက်ပို့ရင် ဖမ်းဆီးစစ်ဆေးတာတွေ၊ ခေါ်ယူ နှိပ်စက်တာတွေ ကြိမ်းသေလုပ်မယ်ဆိုတာသိတယ်။ အဲ့ဒါကိုကြောက်ပြီး ထွက်တဲ့သူမရှိမှာစိုးလို့ ကိုယ့်အသိစိတ်နဲ့ကိုယ် နောက်ဆုံးဂါရဝပြုဖို့ ထွက်လာကြ တာ။ လူကိုသောင်းချီနေရောပဲ။ ကြိုတွေးထားတဲ့အတိုင်း ဈာပနလိုက်ပို့သူတွေကို ဆိုင်ကယ်တွေဖမ်းတယ်၊ နောက်ပြီး မန္တလေးမှာ နိုင်ငံရေးနဲ့နာမည်ထွက်တဲ့သူတွေကို ညဘက်ဝင်စစ်ဆေးတယ်လို့လည်း ကြားရတယ်။ သေတဲ့အထိ နှောင့်ယှက်တာ အတော် စက်ဆုပ်ဖို့ကောင်းတယ်”ဟု မန္တလေးမြို့နေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးက ဧရာဝတီတိုင်းမ်ကို ပြော သည်။
ဒေါက်တာဇော်မြင့်မောင်၏ ဈာပနကို စစ်ကောင်စီက အမြန်ဆုံး ပြုလြပ်ရန် ဖိအားပေး လုပ်ဆောင်စေခဲ့ကြောင်း သိရသည်။
ထို့အပြင် ကွယ်လွန်သွားပြီဖြစ်သည့် ဒေါက်တာဇော်မြင့်မောင်၏ နာရေးအိမ်တွင် ဂါရဝပြုနှစ်သိမ့်ရန် လာရောက်သည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို အရပ်ဝတ်နှင့်စောင့်ကြည့်ခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
#မန္တလေးတိုင်း #ဝန်ကြီးချုပ် #ဒေါက်တာဇော်မြင့်မောင် #ဈာပန #လိုက်ပါပို့ဆောင်သူ #စစ်ကောင်စီ #ဖမ်းဆီး
#Ayeyarwaddy_Times