ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၉ ရက်

ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လျှပ်စစ်မီး ပုံမှန်မရရှိသောကြောင့် ချက်ပြုတ်ရာတွင် မီးသွေးကို အဓိက အသုံးပြုနေရသည့်အတွက် မီးသွေးစျေးနှုန်းမြင့်နေကြောင့် ဒေသခံများထံက သိရှိရသည်။

ဖလမ်း၊ ဟားခါး၊ ကလေး စသည့် ဒေသခံများသည် ယခုနှစ်အစောပိုင်းမှစ၍ လျှပ်စီးမီး ပုံမှန်မရရှိသောကြောင့် ထမင်း၊ ဟင်း ချက်ပြုတ်ရာတွင် မီးသွေးကို ပိုမိုအသုံးပြုလာသူများလာပြီး မီးသွေးစျေးနှုန်းလည်း မြင့်တက်လာရခြင်းဖြစ်သည်။

“လျှပ်စစ်မီးက နှစ်ရက်တစ်ခါ ၊ သုံးရက် လာတယ်။ ပုံမှန်မလာဘူး။ အဲ့လိုဆိုတော့ ထမင်း၊ ဟင်း ချက်ပြုတဲ့ခါ အဆင်မပြေဘူး။ ထင်းနဲ့ မီးသွေးကိုဘဲ အားထားပြီး အသုံးပြုနေရတယ်။ မီးသွေးလည်း အရင်ကလို ရောင်းချသူတွေ သိပ်မရှိသလို အသုံးပြုသူတွေများလာတဲ့အတွက် စျေးကတက် သွားတယ်”ဟု ကလေးမြို့ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကလေးမြို့တွင် မီးသွေးအသုံးပြုသူများပြားသော်လည်း နိုင်ငံရေးအခြေနေကြောင်း မီးသွေးဖုတ်သူ နည်းပါးလာသည့်အတွက် မီးသွေးစျေးနှုန်း မြင့်တက်နေခြင်းဖြစ်ပြီး ဖလမ်းနှင့် ဟားခါးမြို့ရှိ ဒေသခံပြည်သူများသည်လည်း လျှပ်စစ်မီး ပုံမှန်ရရှိခြင်း မရှိသည့်အတွက် ချက်ပြုတ်ရာတွင် ထင်းနှင့် မီးသွေးကို အသုံးပြုနေရကြောင်း သိရသည်။

“မီးသွေးက ဝယ်ဖို့အဆင်မပြေဘူး။ တချို့နေရာတွေမှာ ဝယ်လို့ရတယ်။ အဲ့ဒီအတွက် မီးသွေး တစ်ခုတည်း မဟုတ်ဘဲ ထင်းကိုလည်း အသုံးပြုပြီး ထမင်း၊ ဟင်း ချက်နေရတယ်။ ရေကိုတော့ မော်တာငှားပြီး နာရီပိုင်းနဲ့ တင်ရတယ်”ဟု ဖလမ်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဟားခါးနှင့် ဖလမ်းမြို့တွင် မီးသွေးတစ်အိတ်ကို သုံးသောင်းဝန်းကျင်နှင့် ကလေးမြို့တွင် မီးသွေး အမျိုးအစားပေါ် မူတည်၍ နှစ်သောင်းဝန်းကျင်အထိရှိကြောင့် သိရသည်။

အဆိုပါဒေသများတွင် လျှပ်စစ်မီး ပုံမှန်ရရှိခြင်းမရှိသည့်အတွက် လျှပ်စစ်မီးကို အသုံးပြုပြီး လှည်ပတ် နေရသည့် တစ်နိုင်တစ်ပိုင်လုပ်ငန်း (SME) အသေးစားလုပ်ငန်းရှင်များအနေဖြင့်လည်း အခက်ကြုံ နေရကြောင်း သိရသည်။

#ချင်းပြည်နယ် #ကလေးမြို့တွင် #လျှပ်စစ်မီး #ပုံမှန်ရရှိခြင်းမရှိ #မီးသွေးစျေးနှုန်းမြင့်တက် #Ayeyarwaddy_Times