ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၉ ရက်

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ခန့် လက်နက်ချ အညံ့ခံခဲ့ပြီး လက်နက်မျိုးစုံ ၄၀၀ ကျော်သိမ်းဆည်းရရှိကြောင်း သိရသည်။

စစ်ကောင်စီလက်ကျန်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းဆည်းပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြောင်း စစ်ကိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ယမန်နေ့ အောက်တိုဘာ ၈ရက် နံနက် ၄နာရီတွင် ထုတ်ပြန်သည်။

ပင်လည်ဘူးရှိ စစ်ကောင်စီအဖွဲ့များမှာ စားနပ်ရိက္ခာ ပြတ်လပ်ပြီး လက်နက်ခဲယမ်းများပါ လိုအပ်ချက် ရှိလာသည့်အတွက် ပြီးခဲ့သည့်အောက်တိုဘာ ၇ရက်နေ့တွင် လက်နက်ချ အညံ့ခံခဲ့ရာ ဝန်းသို တပ်ရင်းများဘက်သို့ သွားရောက်လိုသည့် တပ်ဖွဲ့ဝင်များကို သွားရောက်ခွင့်ပြုခဲ့ပြီး ကျန်သည့် တပ်ဖွဲ့ဝင်များကို တော်လှန်ရေးတပ်ဖွဲ့များက ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း သိရသည်။

စစ်ဆင်ရေးကာလအတွင်း အမှတ်(၁) စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများ၊ အထူးတပ်ရင်းများ၊ ကွန်မန်ဒိုတပ်ရင်းများ၊ ဗျုဟာထုတ်နှုတ်တပ်ဖွဲ့များ၊ ကွပ်ကဲရေးတပ်ဖွဲ့များ၊ တိုင်းPDFဒရုန်းတပ်ဖွဲ့၊ ကချင်လွတ်မြောက်ရေးတပ်မတော်KIAမှတပ်ဖွဲ့ဝင်များ၊ အမှတ်၁စစ်ဒေသ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ကွပ်ကဲမှုအောက်ရှိ (ပကဖ) လှုပ်ရှားတိုက် ခိုက်ရေးတပ်ဖွဲ့များ ၊ ကန့်ဘလူခရိုင်(ပကဖ)လှုပ်ရှားတိုက်ခိုက်ရေးတပ်ဖွဲ့များ၊ ရွှေဘိုခရိုင် (ပကဖ) ဒရုန်း တပ်ဖွဲ့နှင့်တိုက်ခိုက်ရေးတပ်ဖွဲ့၊ ဒေသခံကောလင်းခရိုင်(ပကဖ) လှုပ်ရှားတိုက်ခိုက်ရေး တပ်ဖွဲ့ဝင်များ (ကောလင်း၊ဝန်းသို၊ပင်လည်ဘူး မြို့နယ် ပကဖတပ်ဖွဲ့ဝင်များ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)များ ပါဝင် တိုက်ခိုက်ခဲ့ကြသည်။

ပင်လည်ဘူးမြို့အတွင်းရှိ စစ်ကောင်စီ တပ်ရင်းများမှာ ခမရ၃၀၁၊ ခမရ၁၀၁၊ ခမရ၁၁၁၊ SNAတပ်ရင်း တပ်ရင်း၆၁၄ နှင့် ရဲတပ်ဖွဲ့တို့ ပါဝင်ပြီး စစ်ကူ လေးကြိမ်လာရောက်ခဲ့ကာ စစ်ကူတပ်ရင်းများမှာ ခမရ၃၆၃၊ ခမရ၁၆၊ ခမရ၃၆၈၊ ခမရ၈၇၊စုစုပေါင်းတပ်ရင်း ၁၁ ရင်းခန့်ရှိ‌ကြောင်း စစ်ကိုင်း ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့-ပကဖ ထံက သိရသည်။

စစ်ကောင်စီသည် စစ်ဆင်ရေးကာလ ၅၃ ရက်အတွင်း လေယာဥ်အမျိုးအစားအမျိုးမျိုးဖြင့် စုစုပေါင် အကြိမ်ရေ/အစင်းရေ ၁၃၀ ကျော်ဖြင့် ဗုံးအရွယ်အစားအမျိုးမျိုး ပေါင် ၅၀၀၊၃၀၀၊၂၀၀ တို့ဖြင့် စုစုပေါင်းအလုံးရေ ၃၀၀၀ ကျော် ကြဲချပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ယခုလည်း လေကြောင်းမှ ဆက်လက်ပစ်ခတ်တိုက်ခိုက်ဆဲဖြစ်‌ကြောင်း သိရသည်။

စစ်ဆင်ရေးကာလအတွင်း စကစတပ်ဖွဲ့ဝင်များ၊ ပျူစောထီးများထံမှ လက်နက် ၄၀၀ ကျော် သိမ်းဆည်းရမိခဲ့ပြီးစစ်ကူစစ်ကြောင်းတစ်ခုလုံးကိုချေမှုန်းနိုင်ခဲ့ကာ ဖမ်းဆီးရမိသည့် သုံ့ပန်းအမြောက် အမြားနှင့် လာရောက်အလင်းဝင်ပူးပေါင်းသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များလည်း ရှိကြောင်း သိရသည်။

သိမ်းဆည်းရမိ‌သော ပစ္စည်းများတွင် စစ်ကောင်စီ၏ နောက်ဆုံးအခြေပြု ရဲစခန်းအတွင်းမှ ဘိန်းဖြူ ခွက်ရေအများအပြား ခန့်မှန်းခွက်ရေ ၈၀ ခန့် သိမ်းဆည်းရမိခဲ့‌ကြောင်း စစ်ကိုင်းတိုင်း ပြည်သူ့ ကာကွယ်ရေးအဖွဲ့-ပကဖ က ဆိုသည်။

ပုံစာ- ပင်လည်ဘူးတိုက်ပွဲတွင် သိမ်းဆည်းရမိသည့် လက်နက်နှင့်ဘိန်းဖြူခွက်များ
#စစ်ကိုင်း #ကောလင်း #ပင်လည်ဘူး #စစ်ကောင်စီ #လက်နက်ချ #အညံ့ခံ #မြို့သိမ်းတိုက်ပွဲ #Ayeyarwaddy_Times