ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၉ ရက်

လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်သည့် လမ်းစဉ်ကိုစွန့်လွှတ်ကာ ပါတီနိုင်ငံရေးအပါအဝင် ရွေးကောက်ပွဲဝင်ရန် PDF အဖွဲ့များကိုဖိတ်ခေါ်ခြင်းဖြင့် မြန်မာ့နိုင်ငံရေးတိုးတက်‌‌ရန် ဆောင်ရွက်နေ ကြောင်း စစ်ကောင်စီက ကုလသမဂ္ဂအဖွဲ့အစည်းများထံ ပြောကြားလိုက်သည်။

စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် ယမန်နေ့ ( အောက်တိုဘာ ၈) ရက်နေ့က ကုလသမဂ္ဂအဖွဲ့များမှ တာဝန်ရှိသူများနှင့် နေပြည်တော်တွင် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာ့နိုင်ငံရေး တိုးတက်နေရာတွင် PDF များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို နိုင်ငံရေးလမ်းကြောင်းထဲဝင်ရန် ဖိတ်ခေါ်ခြင်းအပါအဝင် လာမည့် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်မှုရှိစေရန် နိုင်ငံတစ်ဝန်းသန်း ခေါင်စာရင်းကောက်ယူနေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

စစ်ကောင်စီ၏ ဆောင်ရွက်ချက်အခြေအနေမှန်များကို ကုလသမဂ္ဂ အေဂျင်စီများက သမာ သမတ်ကျကျ ဘက်လိုက်မှုမရှိဘဲ နိုင်ငံတကာအသိုက်အဝန်းသို့ အသိပေးစေလိုကြောင်း စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ဆိုသည်။

ကုလသမဂ္ဂအေဂျင်စီများက မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှု အကူအညီများအပါအဝင် လုပ်ငန်းများ ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများကြုံတွေ့ရသည်ဟု တုံ့ပြန်ပြောကြားကြောင်း စစ်ကောင်စီအာဘော်သတင်းစာတွင်‌ ဖော်ပြထားသည်။

စစ်ကောင်စီက ၎င်းတို့ကျင်းပမည့် အယောင်ဆောင်ရွေးကောက်ပွဲအတွက် မဲစာရင်းအခြေခံ လုပ်ငန်းဖြစ်သည့် အိမ်ထောင်စုသန်းခေါင်စာရင်းကောက်ယူမှုကို အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်းကောက်ယူမည်ဖြစ်သည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင်များ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) များက လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် ဖိတ်ခေါ်ကြောင်း အကြမ်းဖက်များအဖြစ် အမည်တပ်စွပ်စွဲ၍ ဖိတ်ခေါ်ခဲ့သည်။

ဓာတ်ပုံ – MOFA
#pdf #နိုင်ငံရေးလမ်းကြောင်း #မြန်မာ့နိုင်ငံရေးတိုးတက် #ကုလသမဂ္ဂအဖွဲ့အစည်းများ #Ayeyarwaddy_Times