ကိုကိုလေး/ဧရာ၀တီတိုင်းမ်
အောက်တိုဘာ ၉ ရက်

ထိုင်းနိုင်ငံတွင် အထောက်ထားမဲ့ဖြင့် ဖမ်းဆီးခံရကာ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းခံသည့် အမျိုး သားများအားလုံး စစ်မှုထမ်းဆောင်ရမည်ဟု ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်၍ စစ်ကောင်စီက လျှို့၀ှက်ညွှန်ကြားထားကြောင်း သိရသည်။

အထောက်ထားမရှိ၍ ဖမ်းဆီးခံရပြီး ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လွှဲပြောင်းခံရသူ အသက် ၁၈နှစ်မှ အသက် ၃၅ နှစ် အတွင်းရှိသည့် အမျိုးသားများမှာ ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် စစ်မှုထမ်းဆောင် ရမည်ဖြစ်ပြီး အသက် ၃၅နှစ် မှ ၆၅နှစ်ရှိသူများကိုလည်း ရပ်ရွာ ပြည်သူ့လုံခြုံရေး ထမ်းဆောင်ရမည်ဟု စစ်ကောင်စီက လျှို့၀ှက် ညွှန်ကြားထားကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

“ပြည်ပမှ ပြန်လာသူ အထူးသဖြင့်ထိုင်းကနေ ပြန်လွှဲခံရသူတွေကို အားလုံး အသက် ၆၅ မကျော်ရင် စစ်မှုထမ်း(သို့မဟုတ်) ရပ်ရွာလုံခြုံရေးတာဝန်ထမ်းဆောင်ရမယ်။ အသက် ၃၅ နှစ်အောက်ဆိုရင် ပြည်သူ့စစ်မှုထမ်းသင်တန်းတက်ပြီး စစ်မှုထမ်းရမယ်လို့ စစ်တပ်က ညွှန်ကြားထားပါတယ်” ဟု နေပြည်တော်ရှိ စစ်ကောင်စီလက်အောက်ခံ အရာရှိစစ်သည်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထိုင်းမှနေ၍ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲအပ်ခံရသည့် အသက် ၁၈နှစ်မှ ၃၅နှင့် အတွင်းရှိ လူငယ်များကို တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း(တကက)များသို့ အမြန်ဆုံး ပို့ဆောင်ရမည်ဖြစ်ပြီး အသက် ၃၅ နှစ်အထက်နှင့် ၆၅ နှစ်ကြားရှိသူများကို နှစ်ပတ်အကြာစစ်သင်တန်းပေး၍ ရပ်ရွာ လုံခြုံရေးတာဝန် ထမ်းဆောင်ရမည်ဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။

ပြည်သူ့စစ်မှုထမ်းသင်တန်းသားများကို ယခင်က ၁၂ ပတ်အကြာ စစ်သင်တန်းပေးခဲ့ပြီး ယခုအခါ ရှေ့တန်းတွင် စစ်သည်လိုအပ်ချက်အရ နှစ်ပတ် သင်တန်းစောဆင်း၍ ရှေ့တန်းသို့ ပိုဆောင်နေကြောင်း လည်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာအတွင်းက ထိုင်းနိုင်ငံ ရနောင်းမြို့မှ အထောက်ထားမဲ့ မြန်နိုင်ငံသားလူငယ်များ ကော့သောင်းသို့ လွှဲပြောင်းခံခဲ့ရပြီး လူငယ်အချို့မှာ စစ်မှုထမ်းသင်တန်းတက်ရန် ပလောမြို့နယ်၊ ပလောက်မြို့ အမှတ် (၁၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တကက-၁၂) သို့ ပို့ဆောင်ခံခဲ့ရသည်။

ကော့သောင်းမှနေ၍ ပလောမြို့နယ် တကက-၁၂ သို့ စက်လှေဖြင့်ပို့ဆောင်စဉ် ပို့ဆောင်ခြင်းခံခဲ့ရသည့် လူငယ်များက စက်လှေပေါ်တွင် လိုက်ပါလာသည့် လုံခြုံ‌‌‌ရေးတပ်သားနှစ်ဦးကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်တွင် စစ်မှုထမ်း၇မည့် အန္တရာယ်မှ လွတ်‌မြောက်သွားခဲ့ကြောင်း တပ်တွင်း သတင်းရင်းမြစ်က ဆိုသည်။

ပြီးခဲ့သည့် သုံးလအတွင်း ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်ကိုင်သည့် မြန်မာနိုင်ငံသား ၁၃၀၀ နီးပါး ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရှိရပြီး မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းခံရသူ အမျိုးသားအချို့မှာ စစ်မှုထမ်းသင်တန်းများ တက်နေ ရကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

ပုံစာ-ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာနိုင်ငံသားများကို ဇွန်လအတွင်းက ထိုင်းနိုင်ငံ ရနောင်းခရိုင်ကနေ၍ မြန်မာနိုင်ငံ ကော့သောင်းဘက်သို့ ပိုဆောင်နေစဉ်

#ထိုင်းနိုင်ငံ #ပြန်လွှဲခံရသူ #မြန်မာနိုင်ငံသား #အမျိုသားအားလုံး #စစ်မှုထမ်းရမည် #စစ်ကောင်စီ #လျှို့၀ှက်ညွှန်ကြားထား #Ayeyarwaddy_Times