ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၉ ရက်

ဧရာ၀တီတိုင်း၊ ကျုံပျော်မြို့နယ်၊ တိုက်ရွာအုပ်စု ဖက်ကြီးကုန်းကျေးရွာတွင် အုပ်ချုပ်ရေးမှူးမှ ကျေးရွာအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ရန်စေခိုင်းပြီး မလာသည့် အိမ်များကို ဒဏ်ငွေဆောင်ခိုင်းကြောင်း ဒေသခံများထံမှ သိရှိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၄ ရက်နေ့က ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ဆိုသူမှ ကျေးရွာအတွင်း မြက်များရှင်းရန် တစ်အိမ်တစ်ယောက်ခေါ်ရာတွင် မလာရောက်နိုင်သည့် အိမ်များကို ဒဏ်ငွေ ၅၀၀၀ကျပ် ပေးဆောင်ခိုင်းကြောင်း သိရသည်။

“မလာနိုင်တဲ့အိမ်တွေက တစ်နေ့လုပ်တစ်နေ့စားတွေပါ။ထမင်းစားဖို့ရုန်းကန်နေရတာခု သန့်ရှင်းရေးလုပ်တာမလာလို့ ဒဏ်ငွေပါရိုက်တော့ ပိုဒုက္ခရောက် ကြတာပေါ့”ဟု ဒေသခံတစ်ဦးမှဧရာ၀တီတိုင်းမ်ကိုပြောသည်။

ထို့အပြင်အုပ်ချုပ်ရေးအဖွဲ့မှ ပြီးခဲ့သည့် စစ်မှုထမ်းအပါတ်စဥ်အတွက် လူစားထိုးငှါးရမ်းရန် ကျေးရွာအတွင်း နေအိမ်များကို တစ်အိမ် ၇၀၀၀ကျပ်နှုန်း မထည့်မနေရ ကောက်ခံခဲ့ သေးကြောင်း သိရှိရသည်။

ဧရာ၀တီတိုင်းရှိ ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးများမှ ခေါင်းစဥ်အမျိုးမျိုးတပ်ကာ ပြည်သူများထံမှငွေတောင်းခံခြင်း၊ ဒဏ်ရိုက်ခြင်းများကိုစိတ်တိုင်းကျပြုလုပ်နေပြီး ငွေမထည့်သည့်နေအိမ်များကို စာရင်းမှတ်ထားကာ ခြိမ်း‌ခြောက်ဖမ်းဆီးအရေးယူမည်ဟု ပြောဆိုလုပ်ကိုင်မှုကြောင့် ပြည်သူများ ကြောက်လန့်ပြီး စိုးရိမ်မှုများရှိနေကြောင်း သိရသည်။

#ကျုံပျော်မြို့နယ် #စုပေါင်းသန့်ရှင်းရေး #မလာသည့်နေအိမ်များ #ဒဏ်ငွေဆောင်ခိုင်း #Ayeyarwaddy_Times