(ဖလမ်း)၊ ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၉ ရက်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် စစ်ကောင်စီ၏ ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရှိရသည်။

အဆိုပါ လက်နက်ကြီးကျည်ကြောင့် သေဆုံးသူသည် Relsing ကျေးရွာရှိ အသက် ၅၇ နှစ်အရွယ် ဦး Biak Kip Ceu ဟု သိရှိရသည်။

စစ်ကောင်စီ၏ ဖလမ်းအခြေစိုက် ခလရ ၂၆၈ တပ်ကုန်းမှ ယနေ့ အောက်တိုဘာလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ Relsing ကျေးရွာအနီးနားဝန်းကျင်သို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“ရွာဘောလုံးကွင်းနဲ့ ကျောင်းဝန်းထဲ လက်နက်ကြီးကျည် လေးလုံးလောက်ကျပေါက်ကွဲတယ်။ ဘောလုံးကွင်းအနား တောင်ယာမှာ အလုပ်လုပ်နေတဲ့ အရပ်သားက ကျည်စထိမှန်သေဆုံးပြီး ကျောင်းအဆောက်အဦးအချို့လည်း ပျက်စီးသွားတယ်” ဟု ဖလမ်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖလမ်းမြို့နှင့် ခြောက်မိုင်ခန့်ဝေးသည့် Relsing ကျေးရွာတွင် မည်သည့်တိုက်ပွဲမှမရှိဘဲ စစ်ကောင်စီက အရပ်သားများနေထိုင်သည့် ကျေးရွာကို လက်နက်ကြီးကျည်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ယနေ့ မွန်းလွဲ ၁ နာရီဝန်းကျင်ကလည်း ဖလမ်းမြို့အရှေ့ဘက် ကျေးရွာနှင့် အနောက်ဘက်ခြမ်း ကျေးရွာတို့ကို လေကြောင်း တိုက်ခိုက်မှုပြုလုပ်သွားကြောင်း သိရှိရသည်။

“ဒီနေ့ ဖလမ်းအနောက်ဘက်ခြမ်း ကျေးရွာတစ်ရွာ လေကြောင်းကနေ ဗုံးသီးနှစ်လုံးနဲ့ ဖလမ်းအရှေ့ဘက် ကျေးရွာတစ်ရွာကို ဗုံးသီးငါးလုံး ဗုံးကြဲတိုက်ခိုက်သွားပါတယ်။ ကလေးတွေ ထိခိုက်ဒဏ်ရာရသွားတယ်။ နေအိမ်လည်း ပျက်စီးမှုရှိတယ်” ဟု ချင်းအမျိုးသားကာကွယ်ရေ တပ်(CNDF)ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၇ရက်နေ့ ညနေ ၆ နာရီခန့်ကလည်း စစ်ကောင်စီ၏ လက်နက်ကြီးကျည်ကြောင့် လုံပီးရပ်ကွက်ရှိ အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။

#ဖလမ်းမြို့နယ် #စစ်ကောင်စီ #လက်နက်ကြီး #ရမ်းသမ်းပစ်ခတ်မှု #အရပ်သားတစ်ဦး #သေဆုံး #Ayeyarwaddy_Times