ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၉ ရက်

ဧရာဝတီတိုင်း၊ကျောင်းကုန်းမြို့နယ် တာကောက်ကျေးရွာမှ ဇနီးမောင်နှံနှစ်ဦးသည် လူမှုကွန်ရက်သို့ နိုင်ငံရေးနှင့်သက်ဆိုင်သည့် အကြောင်းအရာများ တင်သည်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးပြီး အကြမ်းဖက်ပုဒ်မများဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၆ ရက်နေ့ က ကျေးရွာရပ်ကျေး အဖွဲ့ဝင် ဦးဝင်းထွန်း၏သား ကိုမောင်တူး နှင့် ဇနီးမအောင်စုတင်တို့လင်မယားနှစ်ဦးအား လူမှုစာမျက်နှာပေါ်၌ လက်သုံးချောင်းထောင် ပို့စ်ဝေမျှသည်ဟု တိုင်ကြားမှုကြောင့် ကျောင်းကုန်းမြို့နယ်ရဲတပ်ဖွဲ့နှင့် ပျူစောထီး(ပြည်သူ့စစ်) အဖွဲ့ဝင်များမှ နေအိမ်သို့လာရောက်၍ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ယင်းကဲ့သို့ ဖမ်းဆီးရာတွင် အသက်တစ်နှစ်အရွယ်ရှိ ကလေးကိုပါ ခေါ်ဆောင်သွားကြောင်း မိသားစုနှင့်နီးစပ်သူများထံက သိရသည်။

“နေ့ခင်းပိုင်းဖမ်းခေါ်သွားတာ။Facebookမှာလက်သုံးချောင်ထောင်တဲ့ပို့စ်တွေ့လို့လာဖမ်းတာတဲ့။ကလေးပါရဲစခန်းကိုခေါ်သွားတယ်။အခုထိအဆက်အသွယ်မရသေးဘူး”ဟုဖမ်းဆီးခံရသူနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဖမ်းဆီးထားသူများကို ကျောင်းကုန်းရဲစခန်း အတွင်း၌ ဖမ်းဆီးထိန်းသိမ်းထားပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-(က)နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)ဖြင့် အမှုဖွင့်ကာ စစ်ဆေးနေကြောင်း ကျောင်းကုန်းမြို့နယ်ရဲစခန်းနှင့်နီးစပ်သူများထံက သိရသည်။

“ ကိုမောင်တူးတို့လင်မယားနှစ်ယောက်စလုံးကိုအခုအကြမ်းဖက်ပုဒ်မတွေနဲ့အမှုဖွင့်ပြီးစစ်ဆေးနေတယ် ။ ကလေးလည်းအချုပ်ထဲမှာပဲရှိနေတယ်။ အချုပ်ထဲကနေထုတ်ပြီးတော့ထိန်းပေးတဲ့သူလည်းထိန်းနေတယ်”ဟု ကျောင်းကုန်းမြို့နယ်ရဲစခန်းနှင့်နီးစပ်သည့် ရဲသတင်းရင်းမြစ်ကဆိုသည်။

အလားတူ ကျောင်းကုန်းမြို့နယ်တွင်ပြီးခဲ့သည့်စက်တင်ဘာလမှစ၍ ဒေသခံများအားစစ်ဆေးတင်းကြပ်နေပြီး လူမှုကွန်ရက်ပေါ်သို့ NUGနှင့်PDFထောက်ခံသည့်ပို့စ်များ ဝေမျှသည်ဟုအကြောင်းပြကာ ဒေသခံ ငါးဦးထက်မနည်းကို ဖမ်းဆီး၍ ငွေကြေးတောင်းခံမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

#နိုင်ငံရေးအကြောင်းအရာများ #လူမှုကွန်ရက် #ကျောင်းကုန်း #မိသားစုလိုက်ဖမ်းဆီးခံရ #Ayeyarwaddy_Times