ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၉ ရက်

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ နယ်မြေတွင် ပြီးခဲ့သည့် စက်တင်ဘာ တစ်လတာ အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၉ ဦးသေဆုံးခဲ့ပြီး ၆၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အမှတ်-၂ စစ်ဒေသခွဲ လှုပ်ရှားနယ်မြေအတွင်းရှိ ပဲခူးတိုင်း နှင့် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၂၀ ကျော်တွင် တစ်လတာအတွင်း စစ်ကောင်စီတပ်များနှင့် ထိတွေ့တိုက်ပွဲပေါင်း ၁၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စိတပ်ဖွဲ့ဝင် ၁၀၀ ကျော်သေဆုံးကာ လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်း ရမိခဲ့ခြင်းဖြစ်ကြောင်း တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၏ ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါတိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မှ တပ်ဖွဲ့ဝင် ၁၁ ဦး ကျဆုံးခဲ့ပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

” ကျွန်တော်တို့ အမှတ်(၂) စစ်ဒေသခွဲက စစ်တောင်းမြစ်ဝှမ်း‌ကို နေရာတော်တော်များများကို ထိန်းချုပ် ထားနိုင်ပေမယ့် ရေကြီးရေလျှံအန္တရာယ်ကိုလည်း တစ်ပါတည်းရင်ဆိုင်ရတာရှိပါတယ်။ တစ်ဖက်မှာ လည်း သဘာဝဘေးအန္တရာယ်ကြောင့် ကျွန်တော်တို့ရဲ့ထိုးစစ်တွေကို ပြင်ဆင်နေတဲ့ အခိုက်အတန့် အခြေအနေတွေကို ရပ်တန့်လို့မရဘူး။ ဆက်လက်ပြီးတော့ ရေဘေးသင့်ပြည်သူတွေကိုကူရင်း တစ်ဖက်မှာလည်း ကျွန်တော်တို့အတွက် တိုက်ပွဲတွေကို ပြင်ဆင်ရင်း လုပ်ဆောင်နေတာတွေရှိပါတယ်” ဟု အမှတ်(၂) စစ်ဒေသ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း အမှတ်(၂) စစ်ဒေသခွဲ လက်အောက်ရှိ ဒေသများမှ မိုးအဆက် မပြတ်ရွာသွန်းမှုကြောင့် ရေကြီရေလျှံမှုများကိုပါ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။

ထို့ပြင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားလေးဦး သေဆုံးခဲ့ရပြီး ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်နှင့် တိုက်ပွဲများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းများနှင့် မဟာမိတ်တပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက် ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – တောင်ပိုင်းတိုင်းစစ်ဒေသ
#တောင်ပိုင်းစစ်ဒေသ #စစ်ဒေသခွဲ၂ #စက်တင်ဘာ #တစ်လတာတိုက်ပွဲ #PDF #Ayeyarwaddy_Times