ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၈ရက်

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ နောက်ဆုံး လက်ကျန်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်လိုက်ပြီး မြို့ကို ထိန်းချုပ်လိုက်ကြောင်း သိရသည်။

ပင်လည်ဘူးမြို့ကို အမှတ်(၁) စစ်ဒေသဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့များက ယနေ့ အောက်တိုဘာ ၈ရက်နေ့ နံနက် ၄နာရီခန့်တွင် ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

“မနက်အစောပိုင်းကတည်းက စစ်တပ်တပ်စွဲနေရာတွေ အကုန်ရလိုက်ပါပြီ။ အခုမနက် ၁၁ လောက်ကနေ ဂျက်ဖိုက်တာ ပြန်လာဝဲနေတယ်။ လေကြောင်းတိုက်ခိုက်မှုကိုတော့ သတိထား နေရပါတယ်” ဟု ထောက်ပို့ရဲဘော် အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဩဂုတ် ၁၅ရက်နေ့ကတည်းက ပင်လည်ဘူးမြို့ကို တိုက်ခိုက် နေခြင်းဖြစ်ပြီး မြေပြင်ထောက်ပို့လမ်းကြောင်းများ အားလုံး ပိတ်ဆို့ထားနိုင်ခဲ့သည်။

ထို့ကြောင့် စစ်ကောင်စီသည် ပင်လည်ဘူးမြို့အတွင်းကျန်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့များထံ လေကြောင်းမှ စစ်ကူပို့ဆောင်နေခဲ့ပြီး လေကြောင်းမှ ဗုံးအလုံးရေရာချီကြဲချ တိုက်ခိုက်မှုများကို နေ့စဉ်နီးပါး ပြုလုပ်ခဲ့သည်။

“မမြင်ဖူးတဲ့လေယာဉ်အမျိုးအစားရယ်လို့မရှိတော့ဘူး။ ဗုံးကြဲတာရော စစ်ကူပို့တာရော လက်နက် ခဲယမ်းပို့တာရော လေယာဉ်အစုံလာတာ။ အခုတော့ ဒုတိယအကြိမ်မြောက် မြို့ကို သိမ်းလိုက်ပြီ” ဟု ထောက်ပို့ရဲဘော်အမျိုးသမီးကဆိုသည်။

ဝန်းသို ခမရ ၁၂၀နှင့်ကန့်ဘလူ တင့်ကားတပ်ရင်း ၆၀၀၆ တို့မှ စစ်ကူအင်အား ရာချီကို MI 17ဖြင့် အကြိမ်ရေများစွာပေးပို့ခဲ့ပြီး လက်နက်၊ခဲယမ်းနှင့် ရိက္ခာများကိုလည်း Y12လေယာဉ်ဖြင့် နေ့စဉ်နီးပါး ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#ပင်လည်ဘူး #စစ်ကောင်စီ #တော်လှန်ရေးတပ်ဖွဲ့များ #မြို့ထိန်းချုပ် #Ayeyarwaddy_Times