ဧရာဝတီတိုင်းမ်
(ဖယ်ခုံ)၊ အောက်တိုဘာ ၈ ရက်

ရှမ်းပြည်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ လအိကျေးရွာတွင် ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဗုဒ္ဓဆင်းတုတော်များဖျက်ဆီးခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းဖော်ထုတ် သွားမည်ဟု ကယန်းပြည်သစ်ပါတီ၊ ပါတီဝင်လူငယ်ဌာနမှ ထုတ်ပြန်ထားသည်။

လအိကျေးရွာ တောင်ပေါ်ရှိ ဗုဒ္ဓဆင်းတုတော်ကိုးဆူကို ခေါင်းဖြတ်ကာ ဖျက်ဆီးခံရခြင်း နှင့်ပတ်သတ်ပြီး အမှုမှန်ပေါ်ပေါက်စေရန် လူထုအခြေပြုအဖွဲ့အစည်းများမှ စုံစမ်းစစ်ဆေးရေး ကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းထားပြီဖြစ်ကာ ပြစ်မှုကျူးလွန်ခဲ့သူ မည်သူကိုမဆို အရေးယူ သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး ကယန်းပြည်သစ်ပါတီ ပါတီဝင်လူငယ်ကနေပြီးတော့ အမှုမှန်ပေါ်ပေါက်ဖို့ ဆောင်ရွက်နေပါပြီ။ ဒီလိုမျိုးလုပ်ရပ်အတွက်ကတော့ ကျွန်တော်တို့မြင်တာကတော့ ဘာသာရေး မှိုင်းလို့ပဲမြင်ပါတယ်။ ကျွန်တော်တို့ကယန်းဆိုတာကလည်း ဗုဒ္ဓဘာသာတွေလည်းရှိတယ်။ ခရစ်ယာန် တွေလည်းရှိတယ်။ ကျွန်တော်တို့ ကယန်း‌တွေ အချင်းချင်းမှာ သွေးမကွဲကွဲအောင် တိုင်းရင်းသား အချင်းချင်းပေါ့နော်။ မကွဲကွဲအောင် ဘာသာရေးနဲ့လုပ်နေတယ်လို့ ယူဆမိပါတယ်” ဟု ကယန်းပြည်သစ် ပါတီ ပြောရေးဆိုခွင့်ရှိသူ ကိုအန်ဒရူးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခုကဲ့သို့ ဘုရား ဆင်းတုတော်များကို ဖျက်ဆီးခြင်းမှာ ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် လူမျိုး ဘာသာပေါင်းစုံကို သွေးကွဲစေရန်၊ ဘာသာရေး ပဋိပက္ခဖြစ်စေရန် ရည်ရွယ်နေခြင်း ဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“ဒီလိုမျိုးဖြစ်ရပ်မျိုးက အရင်ကလည်းဖြစ်ဖူးပါတယ်။ ပေါင်းလောင်းနားမှာရှိတဲ့ ဆည်နားမှာ ကျွန်တော်တို့ ခရစ်ယာန်ရဲ့မယ်တော်ရုပ်ထုကို အဲ့လိုပဲဖျက်ဆီးပစ်တာတွေရှိပါတယ်” ဟု ကိုအန်ဒရူးက ဆက်လက်ပြောသည်။

ထိုသို့ ဘာသာရေးဆိုင်ရာရုပ်ထုများကို ဖျက်ဆီးခြင်းမှာ ယခင်ကလည်း ရှိခဲ့ဖူးပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ မေလအတွင်းကလည်း ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ တန်ကူး‌ကျေးရွာရှိ ကယန်းကတ်သလစ် မယ်တော် နှင့် ဘုန်းကြီးကျောင်းကို ပအို့ဝ်အမျိုးသား တပ်မတော်(PNA) တပ်ဖွဲ့ဝင်များက ဝင်ရောက် ဖျက်ဆီး ခြင်းများ ရှိခဲ့ကြောင်း ဒေသတွင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

ဓာတ်ပုံ – ပေးပို့
#ဖယ်ခုံ #လအိကျေးရွာ #ဗုဒ္ဓဆင်းတုတော် #ခေါင်းဖြတ် #အရေးယူ #ကယန်းပြည်သစ်ပါတီ #Ayeyarwaddy_Times