
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၈ရက်
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်နှင့် အမ်းမြို့နယ်တို့ရှိ စစ်ကောင်စီ၏ တပ်စခန်းများကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း သိရသည်။
ကျိန္တလီမြို့နယ် အတွင်း၌ တိုက်ပွဲများဆက်လက်ပြင်းထန်လျက်ရှိသည်မှာ တစ်ပတ်ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီသည် ကြည်း၊ ရေ၊ လေဖြင့် ခုခံနေသည့်ကြားမှ စစ်ရေးအရများစွာရှုံးနိမ့်နေ၍ ကျိန္တလီချောင်းပေါ်ရှိ ကုလားပြင်တံတားကို ယမန်နေ့ အောက်တိုဘာ ၇ရက်၊ နံနက် ၂နာရီ ၃၀ မိနစ်ခန့်တွင် ဖောက်ခွဲဖျက်ဆီးကာ ဂွဖက်သို့ ဆုတ်ခွာသွားခဲ့ကြောင်း AAက ထုတ်ပြန်သည်။
အာရက္ခတပ်တော် (AA) သည် ကုလားပြင်တံတားထိပ်ရှိ ကိုင်းခုံနှင့် ကံဂေါ်တောင် (ကံကော်တောင်)၌ တပ်စွဲထားသော စစ်ကောင်စီ၏ စခန်းများကို အောက်တိုဘာ ၆ ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့ပြီးနောက် စစ်ကောင်စီက တံတားကိုဖောက်ခွဲဖျက်ဆီး၍ ဆုတ်ခွာသွားခြင်းဖြစ်ပြီး AA အနေဖြင့် လိုက်လံ ချေမှုန်းတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် ယမန်နေ့ အောက်တိုဘာ ၇ရက် ညနေ ၃နာရီ ၄၀မိနစ်ခန့်ကလည်း အမ်းမြို့နယ်အတွင်းရှိ လက်ကျန်စခန်းများအနက် တစ်ခုဖြစ်သော အမ်း နပခ ဌာနချုပ်မှနေ၍ အဖြောင့်တိုင်းတာပါက ၁၄ ကီလိုမီတာခန့်သာ ကွာဝေးသည့် မဲတောင်ဗျူဟာစခန်းတစ်ခုလုံးနှင့် ၎င်းအနီး ပတ်ဝန်းကျင်ရှိ စခန်းများအားလုံးကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မဲတောင်ဗျူဟာကုန်းတွင် စစ်ကိုင်းတိုင်း၊ ကလေး၊ မော်လိုက်၊ ဟုမ္မလင်းအခြေစိုက် စကခ ၁၀ လက်အောက်ခံ တပ်ရင်းများဖြစ်ကြသော ခမရ ၃၆၂၊ ၃၆၅၊ ၃၆၉တပ်ရင်းများ၊ အမ်း၊ နပခ ဌာနချုပ်လက်အောက်ခံ တပ်ရင်းအချို့ နှင့်စကခ (၅) လက်အောက်ခံ ခမရ ၃၄၆၊ ၃၇၃၊ ၃၇၂တပ်ရင်းများ စုပေါင်းထားသော တပ်ရင်းများပါဝင်ပြီး မဲတောင် နှင့် အမ်းဌာနချုပ်ပတ်ဝန်းကျင်၌ လှုပ်ရှားနေကြောင်း AAကဆိုသည်။
မဲတောင်ဗျုဟာ ကုန်းသိမ်းတိုက်ပွဲအတွင်းမှ စစ်ကောင်စီ၏ လက်နက်ခဲယမ်း၊ စစ်အသုံး အဆောင် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။
မဲတောင်ဗျူဟာစခန်းကုန်းနှင့် ၎င်းနှင့်ဆက်စပ်စခန်းကုန်းများအား AA က ဝိုင်းရံပိတ်ဆို့ ဖြတ်တောက် ထားသည်မှာ ကာလအတန်ကြာမြင့်ခဲ့ပြီး အမ်းမြို့နယ်၊ ကျောက်စကွဲကျေးရွာ၏ အနောက်ဘက်တွင် စက်တင်ဘာ၂၆ရက်နေ့ နံနက်ပိုင်းက စတင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မဲတောင်ဗျူဟာကုန်း၏ စခန်းများအား တစ်ခုပြီးတစ်ခု သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ရေးအရ အရေးနိမ့်နေသော စစ်ကောင်စီသည် အရပ်သားပြည်သူလူထုကို လေကြောင်းမှ ပစ်ခတ် တိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိပြီး စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန် ခြင်းများကို ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း AAက ဆိုထားသည်။
ဓာတ်ပုံ-AA Info Desk
#ဂွ #ကျိန္တလီ #အမ်း #စစ်ကောင်စီစခန်း #AAသိမ်းပိုက် #Ayeyarwaddy_Times