
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၈ ရက်
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ဈာပနကို မန္တလေးမြို့မှ ဒေသခံ ပြည်သူ ထောင်ချီ၍ လိုက်ပါပို့ဆောင်ခဲ့ကြပြီး စစ်ကောင်စီက တားမြစ်ပိတ်ပင်မှုများ လုပ်ဆောင် ခဲ့ကြောင်း သိရသည်။
ဒေါက်တာဇော်မြင့်မောင်၏ ဈာပနကို ယနေ့ အောက်တိုဘာ ၈ ရက် နံနက် ၁၀ နာရီတွင် မန္တလေး တောင်အင်းမြောက်အင်း သုဿာန်တွင် မီးသင်္ဂြိုဟ်ပြီး အရိုးပြာအိုးတို့ကို ဂူသွင်းမည်ဖြစ်ကြောင်း သိရသည်။
ဒေါက်တာဇော်မြင့်မောင်၏ ကျွဲဆည်ကန်နေအိမ်မှ သုဿာန်သွားရာ လမ်းတလျှောက်တွင် မြို့ခံများက လမ်းဘေးဝဲယာ စောင့်ကြည့်ပို့ဆောင်မှုများ ပြုလုပ်ခဲ့သလို အိမ်စီးကားများ၊ ဆိုင်ကယ်များဖြင့် သုဿာန်သို့ လိုက်ပါပို့ဆောင်မှုများရှိခဲ့ကြောင်း သိရသည်။
ဒေါက်တာဇော်မြင့်မောင်၏ ဈာပနကို စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံ ရဲတပ်ဖွဲ့များက လက်နက် အပြည့်အစုံဖြင့် ပြည်သူများကို စောင့်ကြည့် မှုများလည်း ရှိခဲ့ကြောင်း သိရသည်။
ဈာပနအခမ်းအနားကို နိုင်ငံတကာသံရုံးများနှင့် အဖွဲ့ အစည်းများမှ လွမ်းသူ့ပန်းခွေများပေးပို့ကြပြီး သမ္မတကြီး ဦးဝင်းမြင့်၏ ဇနီးဖြစ်သူဒေါ်ချိုချိုလည်း နေအိမ်သို့ သွားရောက်နှစ်သိမ့်မှုများ ပြုလုပ်ခဲ့ ကြောင်းလည်း သိရသည်။
ထို့ပြင် ဈာပနကို လိုက်လံပို့ဆောင်သည့် ပြည်သူများ၏ မော်တေယ်ယာဉ်နှင့် ဆိုင်ကယ်များကို သုဿာန်လမ်းဆုံတွင် တားမြစ်ပိတ်ဆို့၍ လိုက်ပါပို့ ဆောင်ခြင်းမပြုစေဘဲ လမ်းလွှဲမှမောင်းနှင်ခိုင်းကာ ပြန်လွှတ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် သုဿာန်တွင် လာရောက်စောင့်ဆိုင်း ပို့ ဆောင်သည့်ပြည်သူများကိုလည်း နှင်ထုတ်မှုများလုပ် ဆောင်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။
ယမန်နေ့ အောက်တိုဘာ ၇ ရက် နံနက် ၃ နာရီခန့်က ကွယ်လွန်ခဲ့သည့် ဒေါက်တာဇော်မြင့်မောင် သတိလစ် မေ့မြောနေချိန်တွင် စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့်စာကို ဆေးရုံတွင်လာရောက် ဖတ်ပြခဲ့သည်။
ထိုသို့ လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့်စာတွင် ဒေါက်တာဇော်မြင့်မောင်ကို အပြီးတိုင်လွတ်ငြိမ်းခွင့် လွတ်လွတ်ကျွတ်ကျွတ်ပေးခဲ့ခြင်းမဟုတ်ဘဲ ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များ ကိုပါ ဆက်လက်ကျခံပါမည်”ဆိုသော စည်းကမ်းသတ်မှတ်ချက် တစ်ခုထုတ်ကာ လွတ်ငြိမ်းခွင့် ပြုခဲ့ခြင်းဖြစ်သည်။
အသက်ဆုံးရှုံးရန် ရာခိုင်နှုန်းများကာ ကင်ဆာဝေဒနာခံစားနေရသည့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက နောက်ဆက်တွဲ ကျခံရန်ဥပဒေပုဒ်မများဖြင့် ချည်နှောင်ထား သည့်အပြင် ကွယ်လွန်သည့်အချိန်တွင်လည်း လိုက်ပါပို့ဆောင်သူများကို မောင်းထုတ်မှုများ၊ တားမြစ်ပိတ်ပင်မှုများ ပြုလုပ်ခဲ့သည်။
ဓာတ်ပုံ-လူမှုကွန်ရက်
#မန္တလေးဝန်ကြီးချုပ် #ဒေါက်တာဇော်မြင့်မောင်ဈာပန #ဒေသခံပြည်သူ #ထောင်ချီလိုက်ပါပို့ဆောင် #စစ်ကောင်စီ #တားမြစ်မောင်းထုတ် #Ayeyarwaddy_Times