ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၈ ရက်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ရွှေထားမူဆလင်ရွာအနီးရှိ ARSA နှင့် မောင်တောရှိ RSO မူဆလင်လက်နက်ကိုင်စခန်းများ အထိုင်ချနေသည့် လိပ်ရစခန်းတို့ကို အာရက္ခတပ်တော် (AA) က တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း ယမန်နေ့ အောက်တိုဘာ ၇ ရက်နေ့တွင် ထုတ်ပြန်သည်။

ဘူးသီးတောင်မြို့နယ်၊ ရွှေထားမူဆလင်ရွာ၏ အနောက်ဘက် ၄ ဒသမ ၉ ကီလိုမီတာအကွာအဝေး၌ ARSA အဖွဲ့များ စခန်းချနေထိုင်သည့် တပ်စခန်းတစ်ခုကို ပြီးခဲ့သည့် အောက်တိုဘာ ၆ ရက် ညနေ ၃ နာရီ ၄၉ မိနစ်တွင် AA က တိုက်ခိုက်မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ARSA စခန်းအား သိမ်းပိုက်ရရှိပြီး လက်နက်ခဲယမ်း စစ်အသုံးအဆောင်ပစ္စည်းအချို့နှင့် စွန့်လွှတ် မိုင်းများကို AA က သိမ်းဆည်းရမိကာ ထွက်ပြေးလွတ်မြောက်နေသော ARSA တပ်ဖွဲ့ဝင်များကို လိုက်လံ ရှင်းလင်းနေကြောင်း သိရသည်။

ထို့အပြင် မောင်တောမြို့ စစ်ကောင်စီ၏ လိပ်ရစခန်းဟောင်းနေရာတွင် ပြန်လည်ဝင်ရောက် တပ်စွဲ နေရာယူ ထားသည့် RSO မူဆလင်လက်နက်ကိုင်အဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် RSO အဖွဲ့ထံမှ MA 2 တလက်၊ G 3 နှစ်လက်နှင့် ကျောပိုးအိတ် ၁၂ လုံး၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း AA ကဆိုသည်။

“လိပ်ရစခန်းက အရင်စစ်တပ်စခန်းလေ။ AA က တိုက်ထုတ်လိုက်လို့ စစ်တပ်ကဖယ်ပေးလိုက်ရတဲ့ စခန်းဟောင်းပါ။ အဲဒီမှာ မူဆလင် လက်နက်ကိုင်တွေနေရာပြန်ယူနေကြတာ။ အနီးနား ဖားရှာ၊ ငါးရှာတွေကို ဖမ်းပြီး ဒုက္ခပေးနေကျ” ဟု မောင်တောဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ARSA နှင့် RSO တို့ ကိုင်ဆောင်ထားသည့် လက်နက်ခဲ ယမ်းအများစုမှာ စစ်ကောင်စီ၏ ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ) ထုတ် လက်နက်များဖြစ်ပြီး နင်းမိုင်း၊ မြေမြုပ်မိုင်းနှင့် စွန့် လွှတ်မိုင်းများအထိ စစ်ကောင်စီကတပ်ဆင်ပေးထားကြောင်း သိရသည်။

ဓာတ်ပုံ-AA Info Desk
#ရခိုင် #ဘူးသီးတောင် #ARSA #လိပ်ရစခန်း #RSO #AAတိုက်ခိုက် #ဖျက်ဆီး #Ayeyarwaddy_Times