ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၈ ရက်

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ဈာပနကို လိုက်လံပို့ဆောင်သူများနှင့် လမ်းတွင်စောင့်ကြိုပြီး ဂါဝရပြုနှုတ်ဆက်သူများကို စစ်ကောင်စီက စောင့်ဆိုင်း၍ ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ခဲ့သည်။

ယနေ့ အောက်တိုဘာ ၈ ရက်နေ့ နံနက်ပိုင်းအချိန်တွင် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ဈာပနကို ဒေသခံပြည်သူသောင်းနှင့်ချီ၍ လိုက်ပါပို့ ဆောင်ခဲ့ကြပြီး အပြန်တွင် ဒေသခံပြည်သူများကို စစ်ကောင်စီ၊ ရဲနှင့် ပျူစောထီးအဖွဲ့ဝင်များမှ လမ်းပိတ်ဆို့ ကာ စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သိရ သည်။

“စစ်တပ်နဲ့ ရယ်တွေရယ်၊ မော်တော်ပီကယ်တွေက သုဿာန်ကိုတောင် မသွားခိုင်းဘူး။ လမ်းတင်ပြန် လှည့်ခိုင်းတာ။ အိုးဝေတွေရော၊ ဆိုင်ကယ်တွေရော၊ အိမ်စီးကားတွေကိုရောပဲ။ အဲ့ဒီလို လှည့်ပြန်လာတဲ့သူတွေရော နာရေးကပြန်လာတဲ့ ဆိုင်ကယ်တွေကို လမ်း မှာစောင့်ပြီးကို ဖမ်းတာ။ လမ်းပိတ်ပြီးတော့ကို စစ်ပြီး ဖမ်းနေတာ။ လိုက်ပါပို့ဆောင်သူတွေက သောင်းဂဏန်းလောက်ကိုရှိတာ။ တခုခုဆို အင်အားသုံးဖြိုခွဲဖို့ စောင့်နေကြတာလည်း မနည်းဘူး။ အခုဖမ်းမယ်ဆိုရင် ဆိုင်ကယ်အစီးရေက ထောင်ဂဏန်းလောက်ရှိတယ်” ဟုမန္တလေးမြို့နေ အမျိုးသမီးတဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မြို့အတွင်းပြန်ဝင်လာသည့် ဒေသခံပြည်သူများကိုစစ်ကောင်စီ၊ ရဲနှင့် ပျူစောထီးအဖွဲ့ဝင်များက ရန်ကုန် -မန္တလေးလမ်းဟောင်း စက်မှု (၂) ထိပ်တွင် စောင့်ဆိုင်း ၍ ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် ဒေါက်တာဇော်မြင့်မောင်မေ့မြောနေစဉ် လွတ်ငြိမ်းခွင့်ပေးကြောင်း စာဖတ်ပြခဲ့သော်လည်း အပြီးတိုင်လွတ်ငြိမ်းခွင့် လွတ်လွတ်ကျွတ်ကျွတ်ပေးခဲ့ခြင်းမဟုတ်ဘဲ ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁)အရ “နောက်တစ် ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက် လက်ကျခံပါမည်”ဆိုသော စည်းကမ်းသတ်မှတ်ချက် တခုထုတ်ကာ လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက သေဆုံးခါနီးမှ လွတ်ငြိမ်းချမ်းသာခွင့် ကို ဖတ်ပြခဲ့သည့်အပြင် ဈာပနလိုက်ပါပို့ဆောင်သူများကိုပါ ရန်လို၍ နှောင့်ယှက်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ပုံစာ-ဒေါက်တာဇော်မြင့်မောင်၏ ဈာပနကို လိုက်လံပို့ဆောင်သူများနှင့်စောင့်ကြိုကာ ဂါဝရပြုနှုတ်ဆက်သူများကို စစ်ကောင်စီက စောင့်ဆိုင်းစစ်ဆေးနေစဉ်

#မန္တလေး #ဒေါက်တာဇော်မြင့်မောင် #ဈာပနအပြန် #ဆိုင်ကယ်များ #စစ်ကောင်စီ #ဖမ်းဆီးစစ်ဆေး #Ayeyarwaddy_Times