ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၈ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် လူငယ်အချို့ကိုစစ်မှုထမ်းရန်အတွက် ကြိုတင်အသိပေးခြင်းမရှိပဲနေအိမ်များတွင် အတင်းအဓမ္မလာရောက် ခေါ်ဆောင်ခြင်းခံခဲ့ရကြောင်း​ သတင်းရရှိသည်။

“စစ်မှုထမ်းမဲပေါက်တယ်လိုက်ခဲ့ဆိုပြီး အတင်း၀င်ဆွဲသွားတာ။ မိဘတွေက ဘာဖြစ်လို့ဖမ်းမှန်းမသိဘူး၊ သုံးရက်လောက်ကြာမှ စစ်တပ်ထဲကိုအ၀တ်အစားတွေပို့ခိုင်းတယ်”ဟု ပုသိမ်မြို့မှ စစ်မှုထမ်းရန် အတင်းအဓ္ဓမ ခေါ်ဆောင်ခြင်းခံရသော လူငယ်တစ်ဦး၏ မိသားစု၀င်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အောက်တိုဘာလ ၄ ရက်နေ့တွင် အမှတ် ၁၀ ရပ်ကွက်မှ အသက် ၁၉ နှစ်အရွယ် မောင်ချစ်ရအောင်ဆိုသူကို အုပ်ချုပ်ရေးမှူးအဖွဲ့က အတင်းလာရောက်ခေါ်ဆောင်သွားပြီး အောက်တိုဘာလ ၅ ရက်နေ့တွင် ရွှေမြင်တင်ကျေးရွာမှ အသက် ၁၈ နှစ် အရွယ် မောင်ဟိန်းစိုးလင်းကို မဲပေါက်သည်ဟုဆိုကာ စစ်ကောင်စီတပ်နှင့်အုပ်ချုပ်ရေးအဖွဲ့များမှခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှသိရှိရသည်။

“သူတို့က ငွေညှစ်လို့ရရင် အလှည့်ကျော်ပေးမယ်ဆိုပြီး လစဥ်ငွေတောင်းတယ်။ သာမန်လက်လုပ်လက်စားအိမ်တွေက ကလေးတွေကိုတော့စစ်မှုထမ်း ဥပဒေကိုအကြောင်းပြပြီး ချက်ခြင်း၀င်ဆွဲပြီး လုပ်နေကြတာပဲ။ မဲပေါက်တယ်ဆိုတာ သူတို့ပါးစပ်ထဲမှာပဲ ရှိနေတာ”ဟု ပုသိမ်မြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအရ သင်တန်း အပါတ်စဉ် ၆ အတွက် ရပ်ကွက်နှင့်ကျေးရွာများမှ လူငယ်များကို ခေါ်ယူရာတွင် ထွက်ပြေးတိမ်းရှောင်မှုများရှိသောကြောင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများကို ဖိအားပေးသဖြင့် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်မှုများ ပြုလုပ်ရခြင်းဖြစ်သည်ဟု အုပ်ချုပ်ရေးအသိုင်းအဝိုင်းထံမှ သိရသည်။

#ပုသိမ်မြို့နယ် #ကြိုတင်အကြောင်းကြားခြင်းမရှိ #လူငယ်အချို့ #စစ်မှုထမ်းဘ#အတင်းအဓမ္မ #ခေါ်ဆောင် #Ayeyarwaddy_Times