
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၈ ရက်
အရပ်သားအစိုးရ NLD လက်ထက်က ရထားလမ်းစီမံကိန်းအတွက်ပြင်ဆင်ခဲ့သည့် စပိန်နိုင်ငံထုတ် ဒီဇယ်လျှပ်စစ်သုံး (Diesel Electric Multiple Units -DEMU) ရထားတွဲများကို စစ်ကောင်စီက ပြေးဆွဲပြီး နောက်ပိုင်းတွင် ရထားပို့ဆောင်ရေးစနစ် တစ်ခေတ် ပြန်လည်ဆန်းသစ်နိုင်ရမည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ယမန်နေ့ အောက်တိုဘာ ၇ ရက်နေ့က ရန်ကုန်မြို့ရှိ မြန်မာ့မီးရထား၊ မြို့ပတ်ဒီဇယ်စက်ခေါင်းရုံ( အင်းစိန်) တွင် စပိန်နိုင်ငံထုတ် DEMU ရထားတွဲဆိုင်များကိုစစ်ဆေးပြီးနောက် စစ်ခေါင်းဆောင်က ထိုသို့ ပြောကြားလာပြန်ကြောင်းကို ယနေ့ အောက်တိုဘာ ၈ ရက်နေ့ထုတ် စစ်ကောင်စီ အာဘော်သတင်း စာတွင် ဖော်ပြထားသည်။
ရထားပို့ဆောင်ရေးစနစ်တစ်ခတ်ပြန်လည် ဆန်းသစ်နိုင်ရန်လိုအပ်ပြီး မြန်မာနိုင်ငံသည် အခြားနိုင်ငံ များနှင့် နှိုင်းယှဉ်ပါက ရထားပို့ဆောင်ရေးစနစ်ခေတ်နောက်ကျနေ၍ လျှပ်စစ်ရထား(EMU) ပြေးဆွဲ နိုင်ရေး ကြိုးပမ်းရမည်ဖြစ်ပြီး မလွဲမသွေပြောင်းလဲရမည့်လုပ်ငန်းတစ်ရက်ဖြစ်ကာ စီမံကိန်း အောင်မြင်ရန်လိုအပ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြား လာခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ရထားလမ်းများကောင်းမွန်ပြီး အချိန်မြန်မြန်ပြေးဆွဲရန်၊ မီးရထားလမ်းပိုင်းများတွင် တစ်နာရီ လျှင် ၈၀ ကီလိုမီတာအထိမြန်နှုန်းမြင့်မောင်းနှင်နိုင်ရန်အပါအဝင် DEMU စက်ခေါင်းများ ရထားတွဲများ ကိုပြည်တွင်း၌ တည်ဆောက်ထုတ်လုပ်သုံးစွဲနိုင်ရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါမီးရထားလမ်းအဆင့်မြင့်တင်ရေးစီမံကိန်းသည် NLD အစိုးရလက်ထက်က ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုကိုလျော့ချနိုင်ရေးအတွက် ရထားစီးခရီးသွားများ ပိုလာစေရန်ရည်ရွယ်ကာ ရထားလမ်း၊ ဘူတာနှင့် အဆင့်မြင့်ရထားများပြေးဆွဲရန်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိ DEMU ရထားတွဲများကို ပဲခူး – ရန်ကုန် – ပဲခူး ပြေးဆွဲနေပြီး ရထားနှင့်ရထားဘူတာ အံဝင် ခွံကျခြင်းမရှိသဖြင့် မကြာခင်ရက်ပိုင်းအတွင်း မူလရထား RBE တွဲများပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း ခရီးသွားများထံက သိရသည်။
ယခင် အရပ်သားအစိုးရလက်ထက်က အများပြည်သူသယ်ယူပို့ဆောင်စနစ်အားကောင်းစေရန်၊ ရန်ကုန် မြို့ပတ် ရထားလမ်း အဆင့်မြှင့်တင်ရေး၊ ဘူတာများအဆင့်မြှင့်တင်ရေး စီမံကိန်းအပါအဝင် ရန်ကုန်-မန္တလေးရထားလမ်း အဆင့် မြှင့်တင်ရေးစီမံကိန်းများနှင့် လူစီးတွဲသစ်ဝယ်ယူနိုင်ရန် ချေးငွေများ ရယူခဲ့သည်။
အဆိုပါချေးငွေကို ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ချေးငွေအပါအဝင် ကိုရီးယားနိုင်ငံချေးငွေ အမေရိကန်ဒေါ်လာ ၄၅ သန်းနှင့် တရုတ်နိုင်ငံမှ အတိုးမဲ့ချေးငွေ ယွမ် သန်း ၈၀ ချေးကို ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်းချေးယူခဲ့သည်။
ဓာတ်ပုံ – MOI
#စစ်ခေါင်းဆောင် #ရထားပို့ဆောင်ရေးစနစ် #ခေတ်မီရန်ဆို #DEMUရထားတွဲ #စပိန်နိုင်ငံထုတ် #Ayeyarwaddy_Times