ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၈ ရက်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သိန္ဒောရွာကြားရှိ စစ်ကောင်စီ၏ စခန်းကို ယမန်နေ့ အောက်တိုဘာလ ၇ ရက်နေ့တွင် စစ်ကောင်စီတပ်က တိုက်လေယာဥ်ဖြင့် ပြန်လည် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သိန္ဒောစစ်ကောင်စီစခန်းသည် စစ်ကောင်စီတပ်သားများနေထိုင်ခြင်းမရှိသည့် စခန်းဟောင်းတစ်ခု ဖြစ်ပြီး ယမန်နေ့ ၉နာရီ ၂ဝမိနစ်တွင် ဗုံကြဲခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။

“K-8W Jet Fighter အမျိုးစားတိုက်လေယာဉ်နဲ့ သူတို့စခန်းဟောင်းကို အကြောင်းမဲ့ ဗုံးကြဲ တိုက်ခိုက်တာပါ။ လူသူမရှိတဲ့ စခန်းအလွတ်တစ်ခုလည်းဖြစ်ပါတယ်”ဟု မြိတ်ခရိုင်၊ ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁)မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

သိန္ဒောစစ်ကောင်စီစခန်းမှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်နေ့ကကတည်းက အဆိုပါစခန်းကို စွန့်ခွာ၍ ထွက်ပြေးသွားခြင်းဖြစ်သည်ဟု ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ဆိုသည်။

ထို့ပြင် စစ်ကောင်စီတပ်က တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ အင်းရှည်ကုန်းရွာအတွင်း စစ်ရေး ပစ်မှတ်မဟုတ်သည့် ပြည်သူများနေထိုင်ရာ ရွာထဲသို့ တိုက်လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထို့သို့ စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်မှုတစ်စုံတစ်ရာမရှိသော်လည်း ကျေးရွာနေ ပြည်သူများ စိုးရိမ်မှုများရှိနေကြာင်း အင်းရှည်ကုန်းကျေးရွာရှိ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

ဓာတ်ပုံ-ပေးပို့
#တနင်္သာရီ #စစ်ကောင်စီစခန်းဟောင်း #စစ်ကောင်စီတပ် #တိုက်လေယာဥ် #ပြန်လည်ဗုံးကြဲတိုက်ခိုက် #Ayeyarwaddy_Times