ဧရာဝတီတိုင်းမ်
(ရေး)၊ အောက်တိုဘာ ၈ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာနှင့် ရေးမြို့ လမ်းပိုင်းကို ယမန်နေ့ အောက်တိုဘာ ၇ ရက်၊ နေ့လယ် ၁၂နာရီတွင် ရေးဘီလူးအဖွဲ့က စစ်ဆေးရေးပြုလုပ်နေစဉ် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
စစ်ဆေးပြုလုပ်ပြီးနောက် စစ်ကောင်စီလက် အောက်ခံ လက်နက်ကြီးသင်တန်းဆင်း ရဲမေတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ခမရ-၅၈၃ တပ်ရင်း လက်အောက်ခံ ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးခဲ့ပြီး ဖမ်းဆီးရမိခဲ့သည့် ရဲမေမှာလည်း တိုက်ပွဲအတွင်း သေဆုံးခဲ့ကြောင်း သိရသည်။
“တပ်အနောက်မှာ ရှိတဲ့ ကင်းပုန်းတွေနဲ့ ရေးဘီလူး တပ်ဖွဲ့ ပစ်ခတ်မှုဖြစ်တယ်။ ကင်းပုန်းတွေ ၀င်ရှင်း တဲ့အခါ ရန်သူ့ဘက်က ဆယ်ယောက် ကျော်ကျော် လောက်ရှိမယ်။ လေးယောက်ကျတယ်။ တိုက်ပွဲ ဖြစ်နေတဲ့အချိန် လမ်းပြ ရဲမေက ထွက်ပြေးတော့အခင်းဖြစ်တဲ့နေရာမှာပဲ ပွဲချင်းပြီးသေသွားတယ်။ သူ့ကို ပထမ အရှင် ဖမ်းမိပေမယ့် အရှင်မရခဲ့ဘူး ဖြစ်သွားတယ်” ဟု ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ဒဏ်ရာရရှိသူ နှစ်ဦးရှိခဲ့ပြီး တစ်ဦးမှာ ခြေထောက် G-3 ကျည်ထိမှန်ခဲ့သည့်အတွက် ဒဏ်ရာပြင်းထန်ခဲ့ပြီး အချိန်မီ ဆေးကုသမှုခံယူနိုင်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်၏ ကင်းပုန်းစခန်းကို သိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီက ၎င်းတို့သေဆုံးတပ်ဖွဲ့ဝင် အလောင်း များနှင့် လက်နက်များကို တက်နိုင်သလောက် ဆွဲယူထွက် ပြေးသွားကြကြောင်း သိရသည်။
ရေးမြို့နယ်တွင် အဆိုပါနေ့ အောက်တိုဘာ ၆ ရက်နေ့တွင်ပင် အာယုတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး တွင် တပ်စွဲထားသည့် ပြည့်သူ့စစ်တပ်ဖွဲ့များကို မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ (NMSP-AD) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပြည်သူ့စစ်သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ရေးဘီလူး
#ရေး #ကျောင်းရွာ #ခမရ၅၈၃ #စစ်ကောင်စီ #သေဆုံး #တိုက်ပွဲ #ရေးဘီလူး #Ayeyarwaddy_Times