“ကျေးဇူးရှင် ပြည်သူလူထုပင်ပန်းနေပါပြီ။ ဒါကြောင့် မြန်မြန်လေးအားစိုက်ရုန်းကြရအောင်ပါ”(CDM ကထိက ဒေါ်ရတီအုန်း)
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၈ ရက်
စစ်တပ်က အရပ်သားအစိုးရ NLD ကို မဲလိမ် မဲခိုးတယ်အကြောင်းပြ၍ အာဏာသိမ်းခဲ့တာကြောင့် ကလေး နည်းပညာ အထက်တန်းကျောင်းမှ ကထိက ဆရာမ ဒေါ်ရတီအုန်းဟာ စာသင်ခန်းကို စွန့်ခွာပြီး အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု-CDM ပြုလုပ်ခဲ့ပါတယ်။
အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ပြီး CDM ပြုလုပ်ခဲ့တဲ့ ဆရာမ ဒေါ်ရတီအုန်းဟာ စစ်ကိုင်းတိုင်းထဲကနေ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေလုပ်ဆောင်ရင်း အသက်မွေးဝမ်းကျောင်းပညာတွေကို သင်ကြားပေးနေ သူတစ်ဦးဖြစ်သလို ကလေး မီးဖွားပေးခြင်းအထိပါ ပြုလုပ်ပေးခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဧရာဝတီတိုင်းမ်သတင်းဌာနရဲ့ အယ်ဒီတာသန်းထိုက်အောင်က CDM ဆရာမ ဒေါ်ရတီအုန်းနဲ့ ဆက်သွယ် မေးမြန်းထားသည်များကို ကောက်နုတ်၍ ဖော်ပြလိုက်ပါတယ်။
⬛️ဧရာဝတီတိုင်းမ်။ ။ပထမဦးဆုံးအနေနဲ့တော့ ဆရာမရဲ့ အမည်နဲ့လက်ရှိတာဝန်ယူ လုပ်ကိုင်နေတဲ့ အကြောင်းအရာလေး တွေကို ပြောကြားပေးပါဦး ခင်ဗျ။
🟥ဆရာမရတီအုန်း။ ။ဟုတ်ကဲ့ မင်္ဂလာပါရှင့်။ ကျွန်မကတော့ ရတီအုန်းပါ။ လောလောဆယ် တော်လှန် ရေးထဲမှာတော့ Mobile Medical team MMT world division ရဲ့ တာဝန်ခံ အဖြစ် ဆောင်ရွက်တယ်။ နောက်တစ်ခါ အမျိုးသားညီညွတ်ရေး အစိုးရ ပညာရေးဝန်ကြီးဌာန၊ သက်မွေးပညာကောမတီမှာလည်း မြေမြင်သင်တန်းတွေဖွင့်လှစ်တဲ့ တာဝန်ကို ကျွန်မကယူထားပါတယ်။ အရင် စစ်တပ်အာဏာ မလုခင် တုန်းကတော့ အစိုးရနည်းပညာ အထက်တန်းကျောင်း၊ မော်တော်ယာဥ် နည်းပညာဌာနက ကထိက ဌာနမှူး CDM ပေါ့နော်။
⬛️ဧရာဝတီတိုင်းမ်။ ။ ဆရာမအနေနဲ့ ဒီတော်လှန်ရေးထဲပါဝင်လာဖြစ်ပုံနဲ့ CDM လုပ်ခဲ့ရတဲ့ အကြောင်းကို ပြောပြပေးပါဦး။
🟥ဆရာမရတီအုန်း။ ။ ဘာကြောင့် CDM လုပ်ခဲ့သလဲ ဆိုတော့ ကျွန်မတို့ လိုလား နှစ်သက်လို့ မဲပေးပြီး ရွေးချယ်ခဲ့တဲ့ အစိုးရရဲ့ လက်အောက်မှာပဲ ကျွန်မတို့က တာဝန်ထမ်းဆောင်ချင်တယ်။ အဲ့ဒီအစိုးရ အောက်မှာ မဟုတ်လို့ ကျွန်မတို့က တာဝန်မထမ်းဆောင်ချင် လို့ CDM လုပ်ခဲ့တာပါ။
⬛️ဧရာဝတီတိုင်းမ်။ ။ကျောင်းမှာ စာသင်တဲ့ ဆရာမအဖြစ်ကနေ မြေပြင်မှာ တိုက်ပွဲတွေကြားမှာ လုပ်ဆောင်ရတဲ့အရာနှစ်ခုက ကွာခြားချက်ရှိနိုင်တော့ ဘယ်လိုစိန်ခေါ်မှုတွေ ၊ အခက်အခဲတွေနဲ့ ကြုံရလဲဆိုတာကို ရှင်းပြပေးပါဦး။
🟥ဆရာမရတီအုန်း။ ။ အဲ့ဒီအထဲမှာ အရင်ဆုံးပြောရရင် ကျွန်မက ဆရာမတော့ ဟုတ်တယ်။ တစ်ဖက်မှာက စက်မှု အင်ဂျင်နီယာ ဖြစ်နေတဲ့ အတွက်ကြောင့် ဒီလိုကြမ်းကြမ်းတမ်းတမ်း လုပ်ရမယ်ဆိုတဲ့ ကိစ္စတွေက ကျွန်မတို့ အတွက်မထူးဆန်းဘူး။ ပြီးတော့ အခုတော်လှန်ရေးထဲရောက်နေတဲ့အချိန်မှာ ကျွန်မက လက်နက်ကိုင်တော့ မဟုတ်ပေမယ့် ရှေ့တန်း စစ်မြေပြင်ကိုလိုက်တယ်ပေါ့။
ဆေးဝါးကုသမှုပေးတာမျိုး အလုံးစုံမဟုတ်တောင်မှ ထိခိုက်ဒဏ်ရာရတဲ့ လူတွေကို ရှေးဦးသူနာ ပြုစုနည်း တွေနဲ့လုပ်ပေးတယ်။ ပြီးတော့လွှဲပြောင်း ပို့ဆောင်တာလုပ်ပေးတယ်။ အဓိက ဖြစ်တာကတော့ ဒီလိုသွားပြီး တိုက်နေတဲ့အထဲမှာ ကျွန်မတပည့်အရွယ်တွေ၊ ကျွန်မတို့သားသမီး အရွယ်လောက် ကလေးတွေဟာ အများကြီး ရှိနေတယ်။ အဲ့အတွက် ကျွန်မ က ဒီအလုပ်ကိုလုပ်ဖြစ်သွားတယ်။
နောက်တစ်ခုက အခုတော်လှန်ရေးကာလ သုံးနှစ်ကျော်ကျော်ရှိခဲ့ပြီ။ အဲ့ဒီ ရှိနေခဲ့တဲ့ ကာလ အပိုင်းအခြား အတွင်းမှာ ကျွန်မရဲ့မူရင်းတာဝန်ဖြစ်တဲ့ ပညာသင်ကြားရေးပေါ့။ အဲ့ဒါကိုလည်း ကျွန်မကမစွန့်လွှတ် ခဲ့ဘူး။ ကာလတို သက်မွေးဝမ်းကျောင်း သင်တန်းတွေကို ကျွန်မက တောက်လျှောက် ဖွင့်ခဲ့တယ်။ သင်တန်းအမျိုးအစား ၁၀ မျိုးလောက်နဲ့ သင်တန်းသားဦးရေ ထောင်ချီပြီးတော့ ကျွန်မတို့ သက်မွေး ပညာသင်တန်းကနေ ပျိုးထောင်ပေးနိုင်ခဲ့တယ်။
ထူးထူးခြားခြား ပြောင်းလဲသလား ဆိုရင်တော့ ကျွန်မတို့ နေထိုင်ရတာ စားသောက်ရတာ၊ လုံခြုံမှု မရှိတာတွေကတော့ ကြီးမားတဲ့ ပြောင်းလဲချက်ပါပဲ။ ကျန်တာတွေကတော့ အားလုံးသော တော်လှန်ရေး လုပ်နေကြတဲ့ ညီအစ်ကိုမောင်နှမတွေ နည်းတူပါပဲ။ အခက်အခဲကတော့ အတူတူပဲ ရင်ဆိုင်ရတာပါရှင့် ။
⬛️ဧရာဝတီတိုင်းမ်။ ။ ဆရာမအနေနဲ့ တော်လှန်ရေးရဲဘော် တစ်ဦးရဲ့ အမျိုးသမီးကို ကလေး မီးဖွားပေးတဲ့ အကြောင်းလေးဖတ်ရ ကြားရတာရှိပါတယ်။ အဲ့ဒီအချိန်က ဆရာမရဲ့ စိတ်လှုပ်ရှားမှုက ဘယ်လောက် အထိ အမြင့်ဆုံးမှာရှိနေပြီး စိုးရိမ်ပူပန်မှုတွေ ရှိခဲ့မလဲဆိုတာလည်း သိချင်ပါတယ်။
🟥ဆရာမရတီအုန်း။ ။ အဲ့ဒီအတွက် ဘယ်လိုပြင်ဆင်ခဲ့ရလဲဆိုတော့ ကျွန်မရဲ့မိခင်က ဘက်စုံသားဖွားနဲ့ သူနာပြု လုံချည်အနီဝတ်ပေါ့။ အဲ့ဒီတော့ ငယ်စဉ်ကတည်းက ကျွန်မမိခင်နဲ့အတူ ဒီကလေးမီးဖွား တာတွေကို ရံဖန်ရံခါ လိုက်သွားရတယ်။ အဲ့လိုအချိန်မှာကျွန်မနားထဲကနေ မသိမသာ သင်ယူမိနေရဲ့ သား ဖြစ်လာတယ်။ နောက်တစ်ခါ ဒီကုသရေးထဲကို ကျွန်မ ပါလာတဲ့အခါကျတော့ ကျွန်မတို့ဘက်ထဲမှာလည်း CDM ဝင်ထားတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ အများကြီး ရှိတယ်။ သူတို့ဆီကလည်း ကျွန်မက ပြန်လည်သင်ယူပါတယ်။ အထူးအားဖြင့် ဒေါက်တာ ချစ်မီးတိုင်၊ ဒေါက်တာ မင်းသား၊ ဒေါက်တာ စမတ်၊ ဒေါက်တာ ရေအေးတို့လို နာမည် ဝှက်နဲ့နေတဲ့ ဒေါက်တာတွေဆီကပေါ့။
နောက်မြေပြင်မှာလည်း သင်ကြားသလို online အသုံးပြုပြီးတော့လည်း ပို့ချနေတဲ့ သင်တန်းတွေကို ကျွန်မတို့က လေ့လာတယ် ။ လေ့လာပြီးတော့မှ မလွှဲမရှောင်သာဖြစ်ရင်တော့ ကျွန်မတို့က ကိုယ်သိသမျှ တတ်သမျှနဲ့ အကောင်းဆုံး ဖြစ်အောင် လုပ်ပေးတာ။ PDF ရဲဘော် တစ်ဦးရဲ့ အမျိုးသမီးကို မီးဖွား ပေးရတယ်ဆိုတာလည်း အဲ့ဒီတုန်းက ကျွန်မတို့က တိုက်ပွဲဖြစ်နေတော့ လက်နက် ကြီးတွေနဲ့ ထုကြ ပြုကြ ဖြစ်နေတဲ့အချိန်မှာ ဒီလူနာကို ကျွမ်းကျင်တဲ့နေရာတွေကို လွှဲပြောင်းပို့ဆောင်ဖို့ ဖြစ်နိုင်ရင်တော့ ကျွန်မတို့ အကူအညီတောင်းတယ်။
ကျွန်မ ရောက်နေတဲ့နေရာ နဲ့ အဲ့ဒီမိခင်လောင်းရှိတဲ့ နေရာကလည်း မနီးဘူး။ ကျွန်မတို့တွေ မြစ်ကိုဖြတ် ခြေလျင်တွေရော၊ ထော်လာဂျီတွေရော၊ ဆိုင်ကယ်တွေရော၊ စက်လှေတွေရော၊ သမ္ဗန်တွေရော အဲ့လို နည်းမျိုးစုံသုံးပြီးတော့မှ သူ့ဆီကို ရောက်လာတယ်။ လာတော့လည်း မီးဖွားရတာ တကယ်ကို ဘုရင်ရဲ့ ရင်သွေးတွေ မီးဖွားရ သလိုပဲ။ အစောင့်အကြပ်တွေ သေချာချ၊ လမ်းထောင့်တိုင်းမှာ အဲ့လိုချပြီး ကျွန်မတို့မီးဖွားပေးခဲ့ရတယ်။
အဲ့ဒီချိန်မှာတော့ ကျွန်မက ဘယ်လိုပြောရမလဲ ၊ ကိုယ်ပြုခဲ့သမျှ ကုသိုလ်တွေ အကုန်လုံး အဲ့ဒါကို ဆိုပြီးတော့ တိုင်တည်ရတာ ပေါ့နော်။ ကျွန်မ မကျွမ်းကျင်တဲ့ အလုပ်ကို လုပ်ရတယ်။ မရင်းနှီးလည်း မရင်းနှီးဘူး ပေါ့နော်။ အဲ့လို လုပ်တဲ့ အချိန် မှာ အကုန်လုံးကို အကောင်းဆုံးဖြစ်အောင်တော့ လုပ်ခဲ့တယ်။ ချောချောမောမောပဲ ဒီသမီးငယ်ကို ဖွားမြင်တယ်။ သူ့ရဲ့နာမည်ကို ကျွန်မက သန္ဒာနွေဦး လို့ ပေးလိုက်တယ်။ နောက်မှတော့ သူတို့ မိဘတွေက ဘယ်လိုပဲပြန်ပြီး နာမည်ပြောင်းပါစေ။
နွေဦးတော်လှန်ရေး ကာလအတွင်းမှာ သူနာပြုလည်းမဟုတ်၊ သားဖွားဆရာမလည်း မဟုတ်၊ ဆရာဝန် လည်းမဟုတ်ဘဲနဲ့ ကျွန်မတို့လို စပ်ကူးမတ်ကူးတွေက ကြိုးပမ်းအားထုတ်ထားတဲ့ တော်လှန်ရေးရဲ့ အသီးအပွင့်ပေါ့နော် ။ ရတနာလေးတွေအနေနဲ့ နွေဦးဆိုတဲ့ နာမည်လေးတွေကိုတော့ ကလေးတွေရဲ့ နောက်နာမည်ထဲ မှာ အကုန်လုံးထည့်ပေး ဖြစ်တယ်ရှင့်။
⬛️ဧရာဝတီတိုင်းမ်။ ။ စစ်ကိုင်းတိုင်းရဲ့ မြေပြင်အခြေအနေကလည်း နိုင်ငံရေးအရပဲပြောပြော စစ်ရေးအရပဲပြောပြော အင်မတန် ရှုပ်ထွေး နက်နဲပါတယ်။ အဲ့ဒီမှာ လုပ်ကိုင်ဆောင်ရွက်ရတာတွေနဲ့ ပတ်သက်ပြီးတော့ စိန်ခေါ်မှုတွေရှိပါသလား ၊ မြေပြင်အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ဆရာမရဲ့ ရှုမြင် သုံးသပ်ချက်ကိုလည်း သိချင်ပါတယ်။
🟥ဆရာမရတီအုန်း။ ။ ဟုတ်ပါတယ်။ ကျွန်မတို့ စစ်ကိုင်းတိုင်းအတွင်းမှာတော့ တော်လှန်ရေးကို အစောဆုံးစခဲ့တယ် ဆိုတော့ ဖြစ်သမျှ ပျက်သမျှ ပြဿနာပေါ့နော်။ ကျွန်မတို့မှာလည်း မြေပြင်မှာ ဒီလိုပွတ်တိုက်မှုလေးတွေကတော့ အနည်းနဲ့ အများရှိပါတယ်။ ကျွန်မဆိုရင်လည်း ဒီလိုကူညီ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေလို့ အားလုံးအဆင်ပြေချောမွေ့တယ်လို့တော့ လည်း မဟုတ်ပါဘူး။ တချို့ တချို့ သော မြေပြင်မှာရှိနေတဲ့ ပုဂ္ဂိုလ်တွေက နှလုံးသားမကြီးကြဘူး။ ပြီးတော့ ရှည်ရှည် ဝေးဝေးအရှည်ကို မျှော်တွေးတဲ့ဉာဏ်မရှိကြတဲ့ အတွက်ကြောင့်မို့လို့ ကျွန်မတို့မှာလည်း အခက်အခဲ တွေရင်ဆိုင် ကြုံတွေ့ရတယ်။ ဒါပေမယ့် ဒါတွေကလည်း အချိန်တန်ရင်တော့ သူတို့ နားလည်သွား ကြမယ်ပေါ့နော်။
ကျွန်မ လုပ်နေတဲ့ လုပ်ရပ်တစ်ခုကို တချို့လူတွေ နားလည်ဖို့ က အချိန်ခြောက်လ လောက် စောင့်ရပါတယ်။ တချို့လူတွေ နားလည်ဖို့က အချိန်တစ်နှစ်လောက် စောင့်ရတယ်။ ဆိုတော့ အဲ့ဒီအချိန်ကို ကျွန်မအေးအေးဆေးဆေး ထိုင်စောင့်ရင်း နဲ့ ကိုယ် လုပ်စရာရှိတာ လုပ်သွားပါမယ်။ အဲ့တာနဲ့ ရှေ့ဆက်ပြီး တော့သွားမှာပါ ရှင့်။
⬛️ဧရာဝတီတိုင်းမ်။ ။ စစ်ကောင်စီ က နယ်မြေတွေဆုံးရှုံးလာတော့ အခြားတစ်ဖက်မှာ ပြည်သူကို သူ ရန်သူသဖွယ် ဆက်ဆံပြီး လေကြောင်းစစ်ဆင်ရေးတွေ ပြင်းပြင်းထန်ထန် လုပ်လာတာတွေကို တွေ့နေရတယ် ။ ဒါကြောင့် ဆရာမတို့လို ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ဒေသက ပြည်သူလူထုရဲ့ မြေပြင် ပကတိ အခြေအနေရာရော ဘယ်လိုရင်ဆိုင်နေရပါသလဲ။ သူတို့အတွက်ဘာတွေ လိုအပ်ပါသလဲ အဲ့ဒါလည်း ပြောပေးစေချင်ပါတယ်။
🟥ဆရာမရတီအုန်း။ ။ စစ်ကောင်စီက မြေပြင် စစ်ကြောင်းထိုးတာ သူတို့ မလာရဲတော့ဘူး။ လေကြောင်း ပစ်ကူ ဒါမှမဟုတ်ရင် လက်နက်ကြီး ပစ်ကူလုပ်ပြီးမှသာ သူတို့က အရှေ့ကိုတိုးလာရဲတော့တာ။ အဲ့ဒီအတွက်ကြောင့် ကျွန်မတို့က အခုမြေပြင် မှာ ဘာတွေကို အရေးတကြီးလိုက်လုပ်နေရလဲ ဆိုတော့ လေကြောင်း၊ လက်နက်ကြီး၊ မိုင်း ဘေးအန္တရာယ် တွေရဲ့ကာကွယ်ရေး ပေါ့နော်။ အဲ့ဒီ ဟောပြောပွဲတွေ ဇာတ်တိုက် လေ့ကျင့်မှုတွေ ကို ကျွန်မတို့လုပ်ပါတယ်။
အဓိက ကတော့ ကလေးတွေများများရှိတဲ့နေရာပေါ့နော်။ အဲ့လို ရွာစဉ်လိုက်ပြီးတော့ ဟောပြောပွဲ တွေလုပ်တယ်။ ဇာတ်တိုက် လေ့ကျင့်မှုတွေ လုပ်ကြတယ်။ အဲ့လိုလုပ်တဲ့အချိန်မှာ ကျွန်မကတော့ အသက်မွေးပညာကော်မတီဘက်ကမြေပြင် မှာရှိနေတဲ့ ဒီ ဖက်ဒရယ်ပညာရေး ဘုတ်အဖွဲ့ ကလေးမြို့နဲ့ ပူးတွဲပြီးတော့မှ ကျွန်မတို့က အဲ့ဒီ ဟောပြောပွဲ တွေကို အဆောတလျင် လိုက်လုပ်ပါတယ်။
လုပ်ပြီးတော့မှ တကယ်လို့ ထိခိုက်သွားကြပြီဆိုရင် ဘယ်ကိုချိတ်ဆက်ပြီးတော့ ပို့ဆောင်မှု လုပ်ရမလဲ၊ သူတို့အတွက် လုံခြုံတဲ့နေရာ ဘယ်နေရာမှာရှိလဲဆိုတာကို ကျွန်မတို့ မြေပြင်မှာရှိတဲ့ အဖွဲ့တွေ အချင်းချင်းချိတ်ဆက်ပြီးတော့မှ ကာကွယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်တယ်။ ကျွန်မတို့က တိုက်ခိုက်ရေးပိုင်းကို တာဝန်ယူထားတာ မဟုတ်တဲ့အတွက် တိုက်ခိုက်ရေးနဲ့ ပတ်သက်တဲ့ ဗျူဟာတွေကိုတော့ ကျွန်မတို့ မသိဘူး ရှင့်။
⬛️ဧရာဝတီတိုင်းမ်။ ။ အခု စစ်ကောင်စီက ပြောနေတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကော ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်ခဲ့ဖူးတဲ့ CDM ဆရာမ တစ်ယောက် အနေနဲ့ ဘယ်လိုမှတ်ချက် ပေးချင်ပါလဲ။
🟥ဆရာမရတီအုန်း။ ။ ပထမတစ်ခုပြောရမှာက အခု စစ်ကောင်စီလုပ်မယ်လို့ပြောတဲ့ ရွေးကောက်ပွဲပေါ့နော်။ ဒါပေမယ့် ကျွန်မ တို့တစ်ခါ ကြုံမိတယ်။ ဘယ်တုန်းကလည်းဆိုတော့ နာဂစ်မုန်တိုင်းတိုက်တုန်းက ဧရာဝတီတိုင်းမှာ တအားကို ပျက်စီးဆုံးရှုံးမှုတွေ ဆိုးကျိုးတွေများတယ်။ ရန်ကုန်ရောပေါ့နော် အဲ့ဒီကြားထဲကတောင်မှ ဒီခြေဥ အတည်ပြုပွဲကြီးကို မဖြစ်ဖြစ်အောင် လုပ်သွားတယ်။ပြည်သူလူထုဆန္ဒ ပါတာမပါတာကို ထည့်မတွက်ဘူး။ အခုလည်း သူက ရွေးကောက်ပွဲလို့ပြောတယ်။ သူ့ရွေးကောက်ပွဲကို ဘယ်သူက လက်ခံမှာလဲ ထားပါတော့ တချို့ တချို့သော နိုင်ငံတွေက ထောက်ခံတယ်လို့ပြောပေမယ့် သူ့ရဲ့အဲ့ဒီရွေးကောက်ပွဲပေါ် မှာ မြန်မာတစ်နိုင်ငံလုံး ရဲ့ လူဦးရေ ဘယ်လောက်က လက်ခံမှာလဲ။
တကယ်တမ်း မဲလိမ်တယ်၊ မဲခိုးတယ် လို့ပြောတယ်ဆိုတော့ အဲ့ဒီ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပတုန်းမှာ နိုင်ငံတကာက ပညာရှင်တွေကိုရော ဖိတ်ခေါ် တယ်။ သူတို့ကိုလည်း ဒါစောင့်ကြည့်ဖို့ရန်အတွက်ဆိုပြီးတော့ ကျွန်မတို့က ထည့်သွင်းတယ်။ အဲ့ဒါတွေရဲ့ ထုတ်ပြန်ချက်တွေ မှတ်တမ်းတွေ ကိုရော သူတို့က လျစ်လျှူရှုတယ်။
အဓိကအရေးကြီးဆုံးက အဲ့ဒီမဲပေးတဲ့ လုပ်ငန်းစဉ်ပေါ့နော် ။ အဲ့ဒီလုပ်ငန်းစဉ်မှာ အဓိကတာဝန်ယူပြီး လုပ်ခဲ့တာအကုန် အများပြည်သူရဲ့ မျက်လုံးပေါင်းများစွာရှေ့ မှာ ပွင့်လင်းမြင်သာစွာ လုပ်ခဲ့တာ အဲ့ဒါအပြင် နောက်ဆုံးမဲပေးတဲ့ last voter ပေါ့နော် ၁၀ ယောက်ကိုလည်း အဲ့ဒီ မဲရေတွက်တဲ့ အချိန်မှာ တစ်ခါထဲ စောင့်ကြပ်ကြည့်ရှုခိုင်းပြီးတော့မှ အများပြည်သူ ရဲ့ မျက်စိရှေ့အောက်မှာ မဲရေခဲ့တာ။ အဲ့ဒီမဲပေးတဲ့စနစ်တွေ အကုန်လုံးထဲမှာ လိမ်လို့ ခိုးလို့ရတဲ့ လုပ်ငန်းစဉ် တစ်ခုမှမပါ ဘူး။
အဲ့ဒါကို ဘာနဲ့သက်သေပြခဲ့သလဲဆိုတော့ အခု CDM လုပ်ထားတဲ့သူတွေအနက် မြန်မာတစ်နိုင်ငံလုံးမှာ ပညာရေး ဝန်ထမ်းက အများဆုံးပါ။ ဒီအစိုးရ ဒီစစ်ကောင်စီရဲ့အောက်မှာ တာဝန်မထမ်းဆောင်ချင် လို့ဆိုပြီးတော့မှ CDM လုပ်ခဲ့ကြတာသည် ပညာရေးဝန်ထမ်းတွေ အများဆုံးပါ။ ကျွန်မတို့ ပညာရေး ဝန်ထမ်းတွေကပေါ့နော်။ စိတ်နာတယ်လေ၊ ကိုယ်က စိတ်ရော ကိုယ်ပါ အပင်ပန်းခံ အမှားအယွင်း အတိမ်းအစောင်းမရှိအောင် မဲပေးတဲ့ကိစ္စကို လုပ်ထားတယ်။ ဒါကိုမှ မဲလိမ် မဲခိုး ပါတယ်လို့ ပြောလို့ ပညာရေး ဝန်ထမ်းတွေ အကုန်လုံးနီးပါး CDM လုပ်ခဲ့ပါတယ်။ ဒါဆိုရင် ဒီ မဲလိမ် နဲ့ မဲခိုး တယ် ဆိုတဲ့ ကိစ္စ နဲ့ ပတ်သက်ရင် ရှင်းလင်းမယ် ထင်ပါတယ်ရှင့်။
⬛️ဧရာဝတီတိုင်းမ်။ ။ ဒီတော်လှန်ရေးမှာ ပါဝင်တဲ့ အဖွဲ့အစည်းအသီးသီး လူပုဂ္ဂိုလ်အသီးသီးကို ဆရာမ အနေနဲ့ တစ်ခုခု ပြောစရာ ဆိုစရာရှိတယ်။ တောင်းဆိုစရာရှိတယ် ဆိုရင် ဆရာမ ဘာသတင်းစကားများ ပါးချင်လဲ ခင်ဗျာ။
🟥ဆရာမရတီအုန်း။ ။ ဒါဆိုရင် ကျွန်မ က နှစ်ပိုင်း ခွဲပြီးတော့ ပြောချင်တယ်။ လူပုဂ္ဂိုလ်အနေနဲ့ကျရင်တော့ ကျွန်မတို့ ဒီတော်လှန်ရေးလုပ်တဲ့ ညီအစ်ကို မောင်နှမတွေကို သတင်းစကားပါချင်တာက ပျော်အောင် နေပေးပါ။ စိတ်ဖိစီးမှုများစွာ ရှိနေ မှာကို နားလည်တယ်။ ဒါပေမယ့် ပျော်အောင်နေပေးပါ။ နောက်တစ်ခု ကိုယ့်အရည်အသွေးကို မြှင့်တင်ပေးပါ။ ကျွန်မတို့ တော်လှန်ရေးပြီးသွားလို့ ကြားကာလ ပြန်လည် တည်ဆောက်ရေးကျရင်လည်း အင်အားတွေ သုံးရအောင်ပါ။ ကျန်းမာအောင် နေပေးပါ။ ဒါကတော့ လူပုဂ္ဂိုလ်အရမှာတာ။ သတင်းစကားပါးတာပေါ့နော်။
အဖွဲ့အစည်းအနေနဲ့ သတင်းစကားပါးချင်တာကျတော့ ကျွန်မတို့ မတူတာတွေလည်း ရှိမယ်။ တူတာတွေလည်းရှိလိမ့်မယ်။ အဲ့ဒီတော့ အဲ့ဒီမတူတာ တွေထဲမှာ အကောင်းဆုံး ညှိနှိုင်းပြီးတော့မှ ဘုံရန်သူက ဘယ်သူလဲ၊ ဘယ်ကိစ္စကို အရင်ဖြေရှင်းရမှာလဲ ဆိုတာကို အမျှော်အမြင်ကြီးကြီး ထားပေးပါ။ ကိုယ်ကညွှန်ကြားရတဲ့သူနေရာမှာ အမိန့်ပေးရတဲ့သူနေရာမှာ ရှိနေတယ်ဆိုရင်လည်း နှလုံးသားကြီးကြီး ဉာဏ်အမြင်ကျယ်ကျယ်လေးနဲ့ ရှေ့ရေးနောက်ရေး တွေးပြီးတော့မှ ဆောင်ရွက် ပေးစေလိုပါတယ်။
အလျင်စလိုလုပ်တာတွေ၊ နောက်သေချာရေရာအောင် မေးမြန်းချက်မရှိဘဲနဲ့ ဒီမြင်တဲ့ စာရွက်လေး တစ်ရွက်ပေါ်အလွဲသုံးစား ကောက်ချက်ချတာမျိုးတွေ ၊ အဲ့ဒါမျိုးမလုပ်ဖို့နဲ့ ကျွန်မတို့ ရှေ့ဆက်တိုးဖို့ အောင်ပွဲရဖို့ လိုအပ်နေပါပြီ။ ကျွန်မတို့ရဲ့ ပြည်သူလူထုတွေ ကျွန်မတို့ရဲ့ ကျေးဇူးရှင်တွေ ပင်ပန်း နေကြပါပြီ။ အဲ့ဒီအတွက် ကျွန်မတို့ မြန်မြန်လေး ရုန်းမှ အားစိုက်ရုန်းပါမှ ဖြစ်မှာပါ လို့ ကျွန်မကတော့ သတင်းစကား ပါးပါရစေရှင်။
⬛️ဧရာဝတီတိုင်းမ်။ ။အခုဆိုရင် မြန်မာနိုင်ငံအတွင်းမှာ သန်းခေါင်စာရင်းကောက်နေတာတွေ လုပ်နေပါတယ်။ ပညာရေးဝန်ထမ်းတွေကိုပဲ အသုံးချနေတာပါ။ လာမယ့် သူတို့လုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲမှာလည်း ဒီပညာရေးဝန်ထမ်းတွေကိုပဲ ဆက်ပြီး အသုံးချဦးမှာပါ။ အဲ့ဒီတော့ စစ်ကောင်စီလက် အောက်မှာ Non CDM တွေကိုရော ဆရာမအနေနဲ့ ဘယ်လို သတင်းစကားပါးချင်လဲ ဘယ်လိုမှတ်ချက်များ ပေးချင်ပါသလဲ။
🟥ဆရာမရတီအုန်း။ ။ အဲ့ဒီ ပညာရေးဝန်ထမ်းထဲမှာ အခုမှ ခါတော်မီပေါ့နော်။ ဖျာဝင်ခင်းပြီးတော့ မှ တာဝန်ထမ်းဆောင်တဲ့ ခါတော်မီတွေလည်း ရှိမယ်။ နဂိုကတည်းက CDM မလုပ်ဘဲ နေခဲ့ကြတဲ့ ဆရာ ဆရာမတွေလည်း ရှိမယ်။ ဒါပေမယ့် အဲ့ဒီ ဆရာ ဆရာမ တွေမှာလည်း ကျွန်မတို့လို CDM လုပ်ဖို့ရာအတွက် အခက်အခဲမျိုးစုံရှိလို့ အတွင်းစိတ်က CDM လုပ်ချင် သော်လည်းပဲ လုပ်ခွင့် မသာတာရှိမယ်။ ကိုယ်ကိုယ်၌က စစ်ကောင်စီလုပ်ရပ်ကို ထောက်ခံပြီးတော့မှ စိတ်ရောကိုယ်ပါ ပူးပေါင်းတာတွေ လည်းရှိပါလိမ့်မယ်။ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စကို ပူးပေါင်းပြီးတော့ လုပ်နေတယ်ဆိုရင်တော့ ကြားရတဲ့သတင်းတွေလည်း ရှိပါတယ်။ အဲ့တော့ အဲ့ဒီသတင်းတွေအရ ကိုယ့်အသက်နဲ့ ကိုယ့်ရဲ့လုံခြုံရေးကိုတော့ ကိုယ့်ဘာသာကို အရှည်လေး စဉ်းစားပါ။ ဘာလုပ်သင့်လဲ ဆိုတာကိုတော့ ထူးထူးခြားခြား ပြောနေစရာ အကြောင်းမရှိဘူးလို့ပဲ ပြောချင်ပါတယ်ရှင့်။
⬛️ဧရာဝတီတိုင်းမ်။ ။ ဆရာမရဲ့ အနာဂတ် မျှော်မှန်းချက် က ဘာများဖြစ်မလဲ ခင်ဗျာ။
🟥ဆရာမရတီအုန်း။ ။ ကျွန်မ အနာဂတ် မျှော်မှန်းချက်ကတော့ ကျွန်မ စာသင်ခန်းထဲကိုပဲ ကျွန်မအမြန်ဆုံး ပြန်သွားချင်တယ် ရှင့်။ ဒါကျွန်မရဲ့ အနာဂတ် မျှော်လင့်ချက်ပါရှင့်။
⬛️ဧရာဝတီတိုင်းမ်။ ။ ဆရာမ အနေနဲ့ ဖြည့်စွက် ပြောချင်တာများ ရှိလား။
🟥ဆရာမရတီအုန်း။ ။ ကျွန်မ ဖြည့်စွက်ပြောချင်တာကတော့ ကျေးဇူးစကားပါ။ ကျွန်မတို့ တော်လှန်ရေး လုပ်နေစဉ် ဒီကာလတစ်လျှောက်လုံးမှာ အားပေးကူညီထောက်ပံ့ ပေးခဲ့ကြတဲ့ ကျွန်မရဲ့ တပည့်တွေ၊ နောက် သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ ပြည်တွင်း ပြည်ပ ကနေပြီးတော့ ထောက်ပံ့လှူဒါန်းကြတဲ့ တော်လှန်ရေးဘက်တော်သားတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။
အဲ့ဒါအပြင် ကျွန်မတို့ တော်လှန်ရေးလုပ်နေတဲ့ အကြောင်းအရာ အချက် အလက်တွေကို ပြည်သူ လူထုဆီကို မှန်ကန်တဲ့ သတင်းအချက်လက်တွေရောက်အောင် ဒီလို ကူညီပေးနေတဲ့ အရောက် ပို့ဆောင်ပေးနေတဲ့ Ayeyarwaddy Times သတင်းဌာနကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်လို့ ပြောကြားချင်ပါတယ်ရှင့်။
⬛️ဧရာဝတီတိုင်းမ်။ ။ ဟုတ်ကဲ့ပါ ခင်ဗျာ။ ကျွန်တော်တို့ ဧရာဝတီတိုင်းမ် သတင်းဌာနကလည်း အခုလို ဆရာမအနေနဲ့ မအားတဲ့ကြားကနေ အချိန်ပေးပြီးတော့ ကျွန်တော်တို့ မေးမြန်းသမျှကို စိတ်ရှည်လက်ရှည်နဲ့ ဖြေကြားပေးတာကိုကျေးဇူးတင်ပါတယ်။
#စစ်ကိုင်းတိုင်း #ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း #အသက်မွေးဝမ်းကျောင်းပညာရပ် #CDMကထိက #ဒေါ်ရတီအုန်း #အမျိုးသမီးကဏ္ဍ #အင်တာဗျုး #Ayeyarwaddy_Times
(မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် လက်ရှိအမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုနှင့် ကျော်ဖြတ်ခဲ့ရသည့် အခြေအနေများအပြင် အမျိုးသမီးများဦးဆောင်၍ လုပ်ဆောင်နေသည့် အကြောင်းအရာများကို “အမျိုးသမီးကဏ္ဍ” အနေဖြင့် အပတ်စဉ် အင်္ဂါနေတိုင်း တင်ဆက်ပေးနိုင်ရန် ကြိုးစားသွားမည်ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာနအနေဖြင့် အသိပေးအပ်ပါသည်။