
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၈ရက်
လူပျောက်ရှာဖွေရန်ထွက်လာသော အာရက္ခတပ်တော်(AA)၏ DLEPS (အာရက္ခပြည်သူ့လုံခြုံရေး အထောက်အကူပြုအဖွဲ့) တပ်ဖွဲ့ဝင်များကို ARSA မူဆလင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က ခြုံခို တိုက်ခိုက်ခဲ့၍ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဘူးသီးတောင်မြို့၊ အမှတ် (၂) ရပ်ကွက်၊ ရွာသစ်တွင်နေထိုင်ကြသော ဦးစံရွှေမောင် ၆၇ နှစ် နှင့် ဦးမြအောင် အသက် ၆၅ နှစ်တို့ နှစ်ဦးသည် အိမ်ဆောက်လုပ်ရန်အတွက် ဘူးသီးတောင်မြို့နယ် ဂုံးနားကျေးရွာဘက်သို့ ဝါးခုတ်ရန်ထွက်သွားရာမှ ပြန်မလာသဖြင့် မိသားစုက လူပျောက် လာရောက် တိုင်ကြားသဖြင့် ယမန်နေ့ အောက်တိုဘာ ၇ ရက် နံနက် ၈နာရီခန့်တွင် ရှာဖွေရန်ထွက်လာကြောင်း သိရသည်။
လူပျောက်ရှာဖွေရန်ထွက်လာပြီး နေ့လယ် ၁ နာရီ ၃၅ မိနစ်ခန့်တွင် ဘူးသီးတောင်မြို့နယ်၊ ဂုံးနား မူဆလင်ကျေးရွာ အဝင်ဝအနီးသို့ ရောက်ရှိစဉ် ARSA မူဆလင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က ခြုံခိုတိုက်ခိုက်၍ လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးမှာ ဦးခေါင်းနှင့် ဝမ်းဗိုက်တွင် သေနတ်ကျည် ထိမှန်ကျဆုံးပြီး ကျန်နှစ်ဦးမှာ ဒဏ်ရာရရှိကာ ၎င်းတို့စီးလာသော ဆိုင်ကယ်မှာလည်း ခြုံခိုတိုက်ခိုက်ခံရသည့် နေရာတွင် ပင် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရကြောင်း AA က ထုတ်ပြန်သည်။
ထိုသို့ ခြုံခိုတိုက်ခိုက်ခံရမှုကြောင့် အုတ်တောင်ကျေးရွာဇာတိဖြစ်သည့် အသက် (၄၁) နှစ်အရွယ် ဦးဇော်မြင့်ဦး (ခ) ချက်ဖားမှာ ကျဆုံးခဲ့ရကြောင်း AA က ဖော်ပြထားသည်။
ခြုံခိုတိုက်ခိုက်ခဲ့သည့် ARSA မူဆလင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ကို အာရက္ခပြည်သူ့လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အာရက္ခတပ်တော်တို့သည် လိုက်လံဖမ်းဆီလျက်ရှိသည့်နည်းတူ ပျောက်ဆုံးနေသည့် ရွာသားနှစ်ဦးကိုလည်း ရှာဖွေလျက်ရှိကြောင်း သိရသည်။
AA အနေဖြင့် အာရက္ခဒေသအတွင်း မည်သည့်အကြမ်းဖက်အဖွဲ့ကိုမှ အခြေချခွင့် ပြုမည်မဟုတ်သကဲ့သို့ အကြမ်းဖက် သမားနှင့် အကြမ်းဖက်အဖွဲ့အစည်းတိုင်းကို ရှင်သန်ခွင့်မပြုဘဲ အမြန်ဆုံးနှိမ်နင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုထားသည်။
ထို့အပြင် မောင်တောမြို့နယ်၊ ကိုင်းကြီး မြိုရွာမှ ဦးဆိုင်ဝင်း နှင့် ၎င်း၏သားများ ဖြစ်ကြသော မောင်လင်ကြီး ၁၅နှစ်၊ မောင်အာမွန်း ၁၂ နှစ်နှင့် ၎င်း၏ တူဖြစ်သူ မောင်ဒီကော် ၁၄ နှစ်တို့သည် ပြီးခဲ့သည့် စက်တင်ဘာ ၃၀ရက်နေ့က မေယုတောင် ခြေရင်း၌ ရှိသော လက်ဝဲချောင်း(ဒေသအခေါ်) သို့ ငါးရှာရန်သွားရောက်စဉ် ARSA မူဆလင်အကြမ်းဖက်လက်နက်ကိုင်များက ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရှိရ၍ DLEPS တပ်ဖွဲ့ဝင်များ၊ AA တပ်ဖွဲ့ဝင်များ နှင့် ဒေသခံပြည်သူများu စုပေါင်း၍ ရှာဖွေလျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ-AA Info Desk
#AA #ARSA #ခြုံခိုတိုက်ခိုက် #DLEPS #သေဆုံး #ဒဏ်ရာရ #Ayeyarwaddy_Times